ရွေးကောက်ပွဲနေ့ တည်ငြိမ်မှု ရှိရေး ပြည်သူအားလုံး ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2015.10.30
dassk-vote-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူများကို မဲအသိပညာပေးခြင်းနဲ့ မဲပေးပုံပေးနည်း ကို ပြသနေစဉ်
Photo: National League for Democracy Facebook

ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းပြီး တရားမျှတမှုတွေရှိဖို့ ပြည်သူလူထုအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

"မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်" အမည်ရှိတဲ့ ဗီဒီယိုဖိုင်ကို NLD ပါတီရဲ့ အင်တာနက် ဖေ့စ်ဘွတ်လူမှုရေး ကွန်ရက် စာမျက်နှာကနေ ဒီကနေ့ ဖြန့်ချီလိုက်ရာမှာ မဲပေးစဉ် ပါတီကိုယ်စားပြုတဲ့ ဝတ်စားဆင်ယင်တာတွေ မလုပ်ဖို့အပြင် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို လူထုက တည်ငြိမ်အေးချမ်းစွာ လက်ခံနိုင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းထားတာပါ။

"မဲစာရင်းထဲမှာ မပါရင် လှည့်မပြန်ပါနဲ့ ပြဿနာမရှာပါနဲ့ တာဝန်ရှိတဲ့လူ မဲရုံမှူးနဲ့ တွေ့ပြီးတော့ အကျိုး အကြောင်းပြောပြပါ၊ တတ်နိုင်သမျှ ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားပါ၊ မဲသွားပေးတဲ့အခါ ပါတီအဖွဲ့အစည်းရဲ့ အထိမ်းအမှတ်တံဆိပ်တွေ ဝတ်ဆင်ယူဆောင်မသွားပါနဲ့ ဦးထုပ်၊ တီရှပ်၊ တံဆိပ်၊ အလံ၊ နဖူးစီး စသဖြင့် အားလုံး ယူဆောင်သွားခွင့် မရှိပါဘူး၊ ကိုယ့်ရဲ့ပါတီကိုပဲ ထိခိုက်ပါလိမ့်မယ်၊ ဒါကိုသတိပြုပြီးတော့ အားလုံးလုပ်သွားကြပါ၊ ရိုးရိုးသာမာန် အဝတ်အစားနဲ့ပဲသွားပါ၊ မဲရေတွက်တာကို စိတ်ဝင်စားလို့ရှိရင် စောင့်ကြည့်လို့ရပါတယ်၊ မဲရုံမှာ ဘယ်သူနိုင်သလဲဆိုတာကို နားစွင့်ထားပါ၊ တစ်ညလုံးစောင့်ပြီး နားထောင်ရတယ်ဆိုရင် ပျော်စရာကောင်း ပါတယ်၊ ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ကြပါ၊ ကိုယ့်ဘက် က နိုင်လို့ရှိရင်လည်း သိပ်ပြီးတော့ အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်ပါနဲ့ ကံကောင်းအကြောင်းမလှလို့ ကိုယ့်ဘက်က ရှုံးလို့ရှိရင်လည်း အိန္ဒြေရရနဲ့ ရင်ဆိုင်ပါ"

ဒါ့ပြင် ရွေးကောက်ပွဲနေ့မှာ ပြဿနာဖြစ်နိုင်တဲ့ ရန်စမှုတွေကို သတိထားရှောင်ကျဉ်ကြပြီး ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ပြီးဆုံးရေးကိုသာ ဦးတည်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

"အရေးကြီးတာက ဒီရွေးကောက်ပွဲနေ့မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ပါ၊ ဘယ်သူကပဲ ရန်စ ပြည်သူတွေဟာ ထိန်းထိန်းသိမ်းသိမ်းပဲနေကြပါ၊ တချို့က သူတို့အကြောင်းကြောင်းကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်တွေလည်းရှိနိုင်ပါတယ်၊ အဲ့ဒါတွေကို အထူးသတိထားပါ၊ ကိုယ့်အချင်းချင်းကိုလည်း သတိပေးကြပါ၊ ဒီလူတွေကို သတိထားရမယ်ဆိုတာ ဒီရွေးကောက်ပွဲ အောင်မြင်ခြင်းဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂါတ်အတွက် အများကြီးအရေးကြီးပါတယ်၊ ကျမတို့နိုင်ငံသူ နိုင်ငံသားတွေဝိုင်းလုပ်မှ ကျမတို့နိုင်ငံ အနာဂါတ်အတွက် စိတ်ချရမှာပါ၊ ရွေးကောက်ပွဲနေ့မှာ အောင်မြင်ဖို့အတွက် ပြည်သူပြည်သားများအားလုံး ကိုယ်ရောစိတ်ပါ အင်အားပြည့်ဝစွာနဲ့ ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်"

ဒါ့အပြင်လည်း မဲပေးဖို့အတွက် လိုအပ်တဲ့ အထောက်အထားတွေ ယူသွားကြဖို့၊ ပယ်မဲမဖြစ်ရေးအတွက် သတိထားကြဖို့အပြင် အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းသူတွေနဲ့ မသန်စွမ်းသူတွေလည်း မဲပေးခွင့်ရှိတယ်ဆိုတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြထားပါတယ်။

NLD ပါတီဝင်တွေအနေနဲ့ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေး ကူညီကြဖို့၊ ၁၈ နှစ်အောက် မဲမပေးနိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် မဲမပေးဖြစ်တဲ့ သူတွေအားလုံးကပါ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းကူညီကြဖို့ ကိုလည်း တိုက်တွန်းထားတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးပုံမဲပေးနည်းကို သရုပ်ပြထားတာတွေ လည်း ပါဝင်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်သင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။