ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတာ အံ့သြဝမ်းသာရကြောင်း ဖိလစ်ပိုင် သမ္မတပြောကြား
2013.06.09
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် ခေတ္တတွေ့ဆုံရချိန် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရကြောင်း ဖိလစ်ပိုင်သမ္မတ ဘင်နီနို အကွီနိုက ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရတာဟာ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ရတာမျိုးဖြစ်သလို သူ့ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်တွေနဲ့လည်း ဆက်စပ်နေတဲ့အတွက်ဖြစ်တယ်လို့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်သမ္မတက ပြောကြောင်း ဒီကနေ့ မနီလာမှာထုတ်ဝေတဲ့ The Philippine Daily Inquirer သတင်းစာက ရေးပါတယ်။
သူ့ဖခင် နီနွိုင်းအကွီနိုနဲ့ မိခင်ဖြစ်သူ ကိုရာဇန် အကွီနိုတို့ မတရားဖိနှိပ်မှုမျိုးတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့နည်းတူ ဒေါ်အောင်ဆန်းစုကြည်လည်း ရင်ဆိုင်ခံစားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောရတာကို အံ့သြဝမ်းသာဖြစ်ခဲ့ရကြောင်းလည်း ဖိလစ်ပိုင်သမ္မတက ဝန်ခံပြောကြားပါတယ်။
ဖိလစ်ပိုင်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတရဲ့ ဖခင်ဖြစ် နီနွိုင်း အကွီနိုဟာ အာဏာရှင် သမ္မတဟောင်း မားကို့စ်ကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်မှာ ဒီမိုကရေစီစနစ်ပြန့်ထွန်းကားဖို့ ကြိုးပမ်းရင်း ၁၉၈၃ မှာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရသူဖြစ်ပါတယ်။
မိခင် ကိုရာဇုန် အကွီနိုကတော့ ခင်ပွန်းဆုံးအပြီး ၁၉၈၆ မှာ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့အာဏာ ဆန္ဒပြပွဲကြောင့် သမ္မတဟောင်းမားကို့စ်ကို ဖြုတ်ချနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဖိလစ်ပိုင်သမ္မတ ဖြစ်လာသလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ရေးကို ကွယ်လွန်တဲ့အထိ ထောက်ခံတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။