ကော့မှူးမြို့နယ်မှာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင် အမှိုက်ကောက်
2015.12.13

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စုပေါင်း အမှိုက်ကောက် လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုတွေကို ရေရှည်လုပ်ဆောင်သွားမှာ ဖြစ်သလို ပြည်သူတွေ ပူးပေါင်း ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အမှိုက်ကောက်ရမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ဒါရိုက်တာ ကိုဇွဲနန္ဒက ပြောပါတယ်။
"ကျနော်တို့ကဒါက တစ်နေ့ထဲကောက်တာမဟုတ်ဘူး၊ ပုံမှန်ရေရှည်သွားမှာဆိုတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကနေ အမှိုက်ပုံးတွေကိုလှူသွားမယ်၊ ဒီအမှိုက်ပုံးကိုဘယ်လို အမှိုက်ပစ်ရမယ်ဆိုတာကိုရှင်းပြမယ်၊ ပြီးရင်သေချာ အရောင်နဲ့ ခွဲထားတယ်၊ အမြဲတမ်း ရှင်းသွားဖို့ကိုတော့ ကျနော်တို့ လူအားလုံးကလိုက်ပါမှာပါ"
လာရောက်သတင်းယူခဲ့ကြတဲ့ သတင်းထောက်တွေကိုလည်း ဓါတ်ပုံရိုက်ပြီးရင် ဝိုင်းဝန်းအမှိုက်ကောက်ကြဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ရန်ကုန်တိုင်းအတွင်း ရွေးကောက်ခံခဲ့ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က အခုလို အမှိုက်ကောက်တာဟာ ပြည်သူလူထုအတွက် ပထမဆုံး ဆောင်ရွက်ပေးနိုင်တဲ့ အလုပ်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်အားလုံးအတွက် အလွန်အခြေခံကျပြီး၊ အလွန်အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း ပြောဆိုတယ် လို့လည်းဖေါ်ပြပါတယ်။
ဒီအမှိုက်ကောက် သန့်ရှင်းရေးလှုပ်ရှားမှုကို NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူး မြိုခံတွေ၊ ဒေါ်ခင်ကြည်ဖောင်ဒေရှင်းက ထူထောင်တဲ့ ဟိုတယ် သင်တန်းသူ သင်တန်းသားတွေ၊ NLD ပါတီဝင်တွေ ပါဝင်ခဲ့ကြပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရပ်ကွက်ကျေးရွာတွေကို အမှိုက်ပုံးတွေလှူဒါန်းခဲ့ပြီး အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ လက်ကမ်းစာစောင်တွေကိုလည်း ဝေငှခဲ့ ပါတယ်။
အလားတူ ရွေးကောက်ပွဲမှာ အရွေးချယ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေ၊ ဒေသခံတွေပူးပေါင်းပြီး တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ အမှိုက်ကောက်ခဲ့ကြတယ်လို့ သိရပါတယ်။
NLD အမှိုက်ကောက် လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုထက်အာကာ ရဲ့ စုစည်းတင်ပြချက် ကို နားဆင်နိုင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် ဒီဇင်ဘာ (၁၆)ရက်နေ့ ကစလို့ လွှတ်တော်လုပ်ငန်းဆိုင်ရာတွေနဲ့ သင်တန်းတွေကို စတင်ပေးဖို့ စီစဉ်နေပါတယ်။
ဒီသင်တန်းတွေနဲ့ ပတ်သက်လို့ သင်တန်းပို့ချမယ့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။