ဒေါ်အောင်ဆန်းစုကြည် နိုင် ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာမယ်


2016.03.30
dassk-henryvanthieu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ တို့ကို နေပြည်တော်သမ္မတအိမ်တော် မှာ မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo:Myo Thant Khaing/RFA

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ထားရှိမယ့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က လွှတ်တော်မှာ ဒီကနေ့ တင်သွင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေလို့ အမည်ပေးထားတဲ့ အဲ့ဒီ ဥပဒေမူကြမ်းမှာ အခန်းငါးခန်း ပါဝင်ပြီး အခန်း ၂ မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွာရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်ရမယ်လို့ ဖေါ်ပြထားပါတယ်။

အခန်း ၃ မှာတော့ "၂ဝ၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည် အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲ ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည်" လို့ ရေးသားဖော်ပြပါတယ်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ အခန်းမှာတော့ (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးရမည်၊ (ခ) အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်၊ (ဂ) အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည် စသဖြင့် ပါရှိပါတယ်။

ဒ့ါအပြင် အခု ဥပဒေဟာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလမှာ တာဝန်ထမ်းဆောင် တဲ့ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်ဟုလည်း ဖော်ပြထားပြီး ဒီ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ မနေ့က ဖြန့်ဝေခဲ့တယ်လို့ သတင်းရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။