ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်တဲ့ ပိုစတာအတွက် အမှုဖွင့်မည်
2015.10.21

မန္တလေးမြို့က နေရာ ၃ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေပါတဲ့ ဗီနိုင်းပိုစတာတွေ ချိတ်ဆွဲခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်နဲ့ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမယ်လို့ အန်အယ်လ်ဒီပါတီ တိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့က မန္တလေး ကျုံးဘေးမှာ အဲဒီပိုစတာကို ချိတ်ဆွဲထားတာဖြစ်ပြီး ပိုစတာမှာ ဒေါင်းယောင်ဆောင်သောကျီးမ ဆိုတဲ့စာသားအပြင် ပုတ်ခတ်တိုက်ခိုက်တဲ့ စာသားတွေကိုလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌ ဦးရွှေလှ က အခုလို ပြောပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အောင်ဆန်းစုကြည်ကို ဗီနိုင်းပုံတွေနဲ့ကပ်ပြီး သရေပျက်အောင် လုပ်ဆောင်တာတွေ၊ နောက်ဘာသာရေးနဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုတာတွေပေါ့၊ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ သက်ဆိုင်ရာမြို့နယ်က အောင်နိုင်ရေးအဖွဲ့တွေက သက်ဆိုင်ရာကော်မရှင် ရုံးတွေရယ် ရပ်ကွက်ရုံးတွေရယ် ရဲစခန်းတွေရယ် ဒါကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားခိုင်း ထားပါတယ်"
အဲဒီပိုစတာတွေကို ဘယ်သူတွေ ချိတ်ဆွဲသွားတယ်ဆိုတာကို မသိရှိသေးကြောင်းနဲ့ ပိုစတာတွေကို အန်အယ်လ်ဒီပါတီဝင်တွေက ဖြုတ်ယူခဲ့တာလို့ သိရပါတယ်။
အဲဒီပိုစတာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်ဓာတ်ပုံ ၅ ပုံနဲ့ အမေရိကန်သမ္မတအိုဘားမားနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ၁ ပုံ လည်း ပါရှိပါတယ်။
ဒါ့အပြင် အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ထိန်းသေးပါရဲ့လား ဆိုတဲ့ စာတန်းနဲ့ နိုင်ငံအတွက် အန္တရာယ်ကြီးတယ် ဆိုတာကို သတိပြုကြဖို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မဟာအောင်မြေမြို့နယ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပုတ်ခတ်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လူတစ်စုက ဖြန့်ဝေခဲ့တဲ့အတွက် ကော်မရှင်ထံ တိုင်ကြားထားရတယ်လို့ သိရပါတယ်။