ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံ Prague မြို့ကိုရောက်ရှိ


2013.09.14

NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် Forum 2000 ညီလာခံတက်ရောက်ဖို့ Prague မြို့ကို မနေ့ညနေ ၅ နာရီက ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဒီညနေနဲ့ မနက်ဖြန်ကျင်းပမယ့် Forum 2000 ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ်လို့ Prague မြန်မာ့အဖွဲ့အစည်း ညွှန်ကြားရေးမှူး ဒေါ်စပယ်စိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံကတဆင့် ဟန်ဂေရီနိုင်ငံကိုရောက်ရှိခဲ့ပြီး အခုအခါမှာတော့ ဥရောပသုံးနိုင်ငံခရီးစဉ်ထဲက နောက်ဆုံးခရီးဖြစ်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိသွားတာလည်းဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို မပြတ်ထောက်ခံအားပေးခဲ့တဲ့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Va’clav Havel နဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ၊ ရိုမေးနီးယားနိုင်ငံဖွား ဂျူးအမေရိကန် စာပေနိုဘယ်ဆုရှင်ပါမောက္ခ Elie Wiesel တို့ ၁၉၉၆ ခုနှစ်ကထူထောင်ခဲ့တဲ့ Forum 2000 ညီလာခံ စတင်ကျင်းပချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပေမယ့် နေအိမ်အကျယ်ချုပ်ကျနေတဲ့အတွက် အခုကျင်းပတဲ့ ၁၇ ကြိမ်မြောက် ညီလာခံရောက်မှသာ တက်ရောက်နိုင်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ချက်သမ္မတ မီးလော့စ် ဇီးမန်း၊ ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ စသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ဒါ့အပြင် ဒီညီလာခံကို တက်ရောက်မယ့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တောင်အာဖရိက သမ္မတဟောင်း D Klerk နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အကြောင်း Prague မြန်မာ့အဖွဲ့အစည်း ညွှန်ကြားရေးမှူး ဒေါ်စပယ်စိုးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။