နည်းဥပဒေတွေ ထုတ်ပြန်ရေး ဒေါ်အောင်ဆန်း စုကြည် အဆိုတင်သွင်း


2014.11.26
parliament-dassk-305.jpg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားပြီးဖြစ်တဲ့ ဥပဒေတွေအတွက် အစိုးရဘက်က နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစဉ်းကမ်းတွေကို ထုတ်ပြန်နိုင်ခြင်းမရှိတာဟာ ပြည်သူတွေက လွှတ်တော်နဲ့ အစိုးရအဖွဲ့အပေါ် ယုံကြည်မှုကျဆင်း သွားနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ကို ပြည်ထောင်စုအစိုးရက အမြန်ဆုံးထုတ်ပြန်ပေးဖို့ တိုက်တွန်းကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုလွှတ်တော်မှာ အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။

"လွှတ်တော်ကနေ ဥပဒေတွေ ပြဌာန်းသွား  ပြဌာန်းသွား အနောက်ကနေ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက မီအောင်လို့ မလိုက်နာလို့ရှိရင် ဒီဥပဒေတွေ၊ ပြဌာန်းချက်တွေဟာ လုပ်ပြချက်တွေလိုပဲ ဖြစ်လာပါလိမ့်မယ်၊ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာလည်း ကျဆင်းလာပါလိမ့်မယ်၊ ဒီဥပဒေတွေ ပြဌာန်းတယ်သာဆိုတယ် မိမိတို့ရဲ့ဘဝတွေဟာ ဘာမှမထူးခြားလာဘူး၊ ဘယ်လိုမှ တိုးတက်မလာဘူးဆိုပြီးတော့ ပြည်သူတွေ မြင်လာလိုရရှိရင် ကျမတို့နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရော၊ အုပ်ချုပ်ရေးမဏ္ဍိုင်ရော ပြည်သူရဲ့မျက်စိထဲမှာ ပြည်သူရဲ့အမြင်မှာ သိက္ခာကျပါလိမ့်မယ်၊ သိက္ခာကျတာ မကျတာထက် ပိုပြီးတော့အရေးကြီးတာဟာ ကျမတို့ဟာ ပြည်သူလူထုရဲ့ဘဝတွေကို ကူညီသင့်သလောက် မကူညီနိုင်တဲ့ အနေအထားကို ရောက်သွားလာလိမ့်မယ်"

လွှတ်တော်က ပြဌာန်းခဲ့တဲ့ သတင်းမီဒီယာဥပဒေ၊ အမျိုးသားပညာရေးဥပဒေ စတဲ့ ဥပဒေတွေအတွက် နည်းဥပဒေ မထွက်သေးတဲ့အတွက် သတင်းမီဒီယာသမားတွေ အခက်အခဲဖြစ်နေကြောင်းနဲ့ တက္ကသိုလ်ကျောင်းသားတွေ ကလည်း အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြကန့်ကွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ခဲ့ပါတယ်။

အဲဒီအဆိုကို ပြည်ထောင်စုရှေ့နေချုပ် ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဝန်ကြီးဌာနတွေအနေ နဲ့ နောက်ဆက်တွဲ နည်းဥပဒေတွေရေးဆွဲနေပေမဲ့ အခက်အခဲတွေရှိနေကြောင်း ဖြေကြားခဲ့ပါတယ်။

"ဝန်ကြီးဌာနတွေအနေနဲ့ ထုတ်ပြန်ရန်လိုအပ်တဲ့ နည်းဥပဒေတွေကို အချိန်မီထုတ်ပြန်နိုင်ဖို့ ကြိုးစားဆောင်ရွက် လျှက်ရှိတာကိုလည်း လက်တွေ့ဝန်ကြီးဌာနများမှာ နည်းဥပဒေများရေးဆွဲရာမှာ ဥပဒေနဲ့အညီ ချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် အသေးစိတ် ကျယ်ကျယ်ပြန်ပြန့် ရေးဆွဲရခြင်း၊ လိုအပ်လို့ရှိရင် နည်းဥပဒေမှာ ပုံစံဇယားတွေ ထည့်သွင်းဖော်ပြရခြင်း၊ နည်းဥပဒေမှာပါဝင်တဲ့ အချက်အလက်များနဲ့ စပ်လျဉ်းပြီး ဆက်စပ်တဲ့ဌာန အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရခြင်း တချို့ဥပဒေဟာလည်း အပြည်ပြည်ဆိုင်ရာစာချုပ်တွေနဲ့ သက်ဆိုင် တဲ့အတွက်ကြောင့် ဒီအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ ဥပဒေရေး ဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုအားနည်းနေသေးခြင်း စတဲ့အချက်အလက်တွေကြောင့်မို့ ဝန်ကြီးဌာနအနေနဲ့ အချိန်မီထုတ်ပြန်နိုင်ရေးမှာလည်း အခက်အခဲတွေရှိနေတာကို တွေ့ရှိရပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၁၀၀ ကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။