ငြိမ်းချမ်းရေးအတွက် တာဝန်ယူဖို့ အဆင်သင့်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2015.09.22
dassk-dadeye-620.jpg NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၂ ရက်နေ့က ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာ မဲဆွယ်စည်းရုံးနေစဉ်
Photo: Kyaw Zaw Win/RFA

လာမယ့်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်တွင်း ငြိမ်းချမ်ရေး အတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။  နိုင်ငံပိုင်သတင်း မီဒီယာတွေကတဆင့် မနေ့က ထုတ်လွှင့်ခဲ့တဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ဟောပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။

"အပစ်ခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာ သဘောတူညီ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ဒီမိုကရစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေလိုအပ်နေတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ် ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည်ဖော်ရမှာဖြစ်တယ်၊ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တပြိုင်တည်းလုပ်သွားဖို့လိုပါတယ်၊ ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမယ့် အစိုးရပဲဖြစ်ပါတယ်၊ ပြည်သူကလိုလားထောက်ခံခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထမ်းဆောင်ဖို့အသင့်ဖြစ်ပါတယ်"

လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင် ဖို့ အလားအလာရှိနေပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ အပြန်အလှန်နားလည် လေးစားယုံကြည်မှုတွေအပေါ်မှာ အခြေခံဖို့လိုတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ သဘောထားအမြင်တွေဟာ ကွဲလွဲနေပေမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် တပ်မတော်နဲ့ NLD ကြား တူညီမှုရှိမယ်လို့ ယုံကြည်ထားကြောင်းလည်းပြောပါတယ်၊ ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို အာရှတိုက် မှာ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ပြန်လည်ထူထောင်ရမယ်လို့ ဒီကနေ့ ပြောကြားလိုက် ပါတယ်။ ကော့မှူးမြို့နယ်ကို ၂ရက်ကြာ မဲဆွယ်ခရီးထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က သမင်ခြံကျေးရွာမှာ ဒီကနေ့မနက်က အခုလိုပြောကြားခဲ့တာပါ။

"တစ်ချိန်တခါတုန်းက ကျမတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ရွှန်းရွှန်းတောက်ခဲ့တယ်ဆိုတာ သတိပေး ရမှာဖြစ်တယ်၊ အဲ့လိုသတိပေးတာဟာ အတိတ်ထဲမှာ နစ်မြုပ်နေဖို့မဟုတ်ပါဘူး၊ ကျမတို့ပြည်သူတွေရဲ့ ကိုယ်စိတ်အင်အားတွေ ပြည့်အောင်ဖြစ်ပါတယ်၊ တစ်ချိန်တခါတုန်းက ကျမတို့နိုင်ငံဟာ အားလုံးစုပေါင်း အင်အားနဲ့ ကမ္ဘာကနေလေးစားရတဲ့ ကမ္ဘာကနေအံ့သြရတဲ့ စံနမူနာထားတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့တယ်၊ ဘာ့ကြောင့် အဲ့လိုတိုးတက်ခဲ့သလဲ၊ ဘာ့ကြောင့် ကျမတို့နိုင်ငံ တောက်ပြောင်ခဲ့သလဲဆိုတော့ ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့လို့ပဲလို့ပြောပါရစေ"

ကော့မှူးမြို့နယ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ထူထောင်တဲ့ သင်တန်းကျောင်းမှာ ညအိပ်ရပ်နားခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ၂၂ရက်နေ့မှာတော့ ထန်းမနိုင်၊ ဝါးဘလောက်သောက်နဲ့ သမင်ခြံကျေးရွာတွေအပြင် ကွမ်းခြံကုန်းမြို့နဲ့ ဒေးဒရဲမြို့တွေကို သွားရောက်ဟောပြောခဲ့ပါတယ်။

ဒေးဒရဲမြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။