ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

RFA Burmese
2024.12.20
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း စင်ကာပူ နိုင်ငံခြားရေးဌာနဝန်ကြီး Vivian Balakrishnan ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် တွေ့ရစဉ်။
Jacquelyn Martin/ AP

နှစ်ချီဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို အကြမ်းဖက်နေတာ အဆုံးသတ်လိုက်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan) က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်မှု၊ အထူးသဖြင့် အရပ်သားတွေပေါ် အကြမ်းဖက်နေတာ ချက်ချင်းရပ်ဆိုင်းရမယ်လို့ သူ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားကြောင်း စင်ကာပူ The Straits Times သတင်းက ဖော်ပြပါတယ်။

ဒေါက်တာ ဘာလာခရစ်ရှ်နန်ဟာ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် တခြားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျင်းပတဲ့ အစည်းအဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပါတယ်။

ငြိမ်းချမ်းပြီး ရေရှည်ခိုင်မြဲတဲ့ အဖြေရရှိဖို့ မြန်မာနိုင်ငံက အဓိကကျသူတွေပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲက မရှိမဖြစ်လိုအပ်တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ရေးသားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ပြီး အကြမ်းဖက်မှု အရှိန်မြင့်နေတာ စင်ကာပူနိုင်ငံက အထူး စိုးရိမ်ကြောင်း ဒေါက်တာဘာလာခရစ်ရှ်နန်က ပြောကြားတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။