တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2013.03.14
dassk-lpt-305.jpg အစီရင်ခံစာနဲ့ ပတ်သက်ပြီး တုံရွာဒေသခံတွေကို ရှင်းလင်းပြောပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ
photo: RFA/ Moe Thu Aung

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာဟာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်အောင် ဆောင်ရွက်ခဲ့တာဖြစ် တယ်လို့ တုံရွာသပိတ်စခန်းက ဆန္ဒပြ သံဃာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသူတွေဟာ ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပြီး ဥပဒေပြင်ဆင်ရေးကိစ္စကို လွတ်တော်က ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်တယ်လို့ ပြောပါတယ်။

မြေယာသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး အရင်စီမံကိန်းစတင်စဉ်က လျော်ကြေးတွေဟာ အဆမတန် နည်းနေတာကြောင့် အခုအခါမှာ ပြန်လည်စိစစ်ပြီး လျော်ကြေးပေးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အခုရက်ပိုင်းအတွင်းပဲ စတင်အကောင်အထည် ဖေါ်တော့မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒေသခံကျေးရွာတွေမှာ ပညာရေး ကျန်းမာရေး တိုးတက်ဖို့အတွက် စီမံဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး သူ့မှာတာဝန်ရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ဆန္ဒပြလိုရင် တရားဝင်ခွင့်ပြုချက်တောင်းခံပြီး မိမိကိုယ်သာ ဆန္ဒပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပါတယ်။ ကြေးနီတောင်စီမံကိန်းကိစ္စ အစီရင်ခံစာဟာ အစိုးရသော်လည်းကောင်း၊ ဝမ်ပေါင်ကုမ္ပဏီသော်လည်းကောင်း မသက်ဆိုင်တော့ပဲ စုံစမ်းစစ်ဆေးရေးကော်မရှင်က တာဝန်ယူထုတ်ပြန်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ အပြည့်အ၀ တာဝန်ယူကြောင်းလည်း ပြောခဲ့ပါတယ်။

လက်ရှိ ကြေးနီတောင်စီမံကိန်းဒေသမှာ ဆန္ဒပြနေတာဟာ ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ဆန္ဒပြနေတာဖြစ်ပြီး ဥပဒေမဲ့ဆန္ဒပြတာမျိုးမဖြစ်သင့်ပဲ ခွင့်ပြုချက်တောင်းခံသင့်တယ်လို့လည်း ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်၊ ရွာသစ်ကျေးရွာနဲ့ တုံရွာတွေကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မုံရွာမြို့ကို ပြန်လည်ထွက်ခွာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တည်းခိုမယ့် ဝင်းနယူးဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ တုံရွာသပိတ်စခန်းကို ဒီကနေ့ မနက်ပိုင်းကသွားရောက်ခဲ့ပြီး ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်ခေါင်းဆောင် သံဃာတော်တွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားရှင်းလင်းချက်တွေထဲက တစ်ချို့ကို RFA သတင်းထောက် မသူဇာက ကောက်နုတ်ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

လက်ပံတောင်းတောင် အစီရင်ခံစာကို မကျေနပ်ပဲ ဆန္ဒပြပွဲကိုဦးဆောင်နေတဲ့ ဒေသခံသံဃာတော်(၂)ပါး၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က အဖွဲ့ဝင်တစ်ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဘထူးကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါအချက်တွေ ဒေသခံတွေသိရှိအောင် လိုက်လံတွေ့ဆုံရှင်းပြခဲ့ပါတယ်။ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှု မြင်ကွင်းအခြေအနေ သိရအောင် ကြေးနီစီမံကိန်းဒေသမှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုမိုးသူအောင်ကို ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။