လယ်သမားသမဂ္ဂတာဝန်များ ကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2013.02.16

ကော့မှူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်သူလယ်သမားသမဂ္ဂတွေ ဖွဲ့တယ်ဆိုတာဟာ အစိုးရကို အော်ဖို့သက်သက်မဟုတ်ဘဲ မိမိတို့အစုအဖွဲ့ရဲ့ အကျိုးစီးပွားကို ဥပဒေဘောင်အတွင်းကနေ မှန်မှန်ကန်ကန် ကာကွယ်တတ်ဖို့ဆိုတာ နားလည်ဖို့လိုအပ်ကြောင်း ဒေသခံတောင်သူတွေနဲ့ ဒီကနေ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
အခုနှစ်မှာတော့ ကော့မှူးမြို့နယ် ဒေသခံ တောင်သူတွေ ကြွေးမြီတွေ ပေးဆပ်နေရာကနေ ကင်းလွတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ တောင်သူလယ်သမားတွေ အကြွေးကင်းဖို့ စီမံကိန်းချပြီး နောက်ထပ်အကြွေးမနစ်အောင်၊ ယခင်ကြွေးဟောင်းတွေကိုလည်း ပြန်လည်ပေးဆပ်နိုင်အောင် ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ စိုက်ပျိုးစရိတ်ကြွေးမြီတွေ မကင်းသေးသမျှ ကာလပတ်လုံး လယ်သမားတွေရဲ့ဘဝဟာ လူလတ်တန်းစားဘဝကိုရောက်ဖို့ မဖြစ်နိုင်ကြောင်း၊ တောင်သူတွေအနေနဲ့ အာဏာပိုင်တွေအပါအဝင် မိမိအပေါ်ကိုလည်း အားကိုးစရာမလိုကြောင်း၊ လယ်သမားတွေရဲ့ဘဝကို တိုးတက်အောင် ကိုယ်တိုင်ရပ်တည်နိုင်ဖို့ စဉ်းစားဆောင်ရွက်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေနဲ့ မြို့နယ်တွင်းလမ်းတံတား ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သွားရောက်ဆွေးနွေးပြီးနောက် ငှက်အော်စမ်းကျေးရွာမှာရှိတဲ့ ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းကိုလည်း သွားရောက်ကာ တာဝန်ရှိသူတွေ၊ သင်တန်းကျောင်းက လူငယ်လေးတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။