ရိုဟင်ဂျာအရေး ပိုမိုကောင်းမွန်အောင် ဖြေရှင်းသင့်တယ်လို့ တွေးမိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


2018.09.13
dassk-world-economic-forum-622.jpg ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: World Economic Forum

ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဒီထက်ပိုကောင်းမွန်အောင် ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ တွေးမိတာတွေရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေ အခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ကိုင်တွယ် ဖြေရှင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်-အာဆီယံမှာ ဒီနေ့မနက်က ကျင်းပတဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးခန်းမှာ မေးမြန်းခဲ့တာကို အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။

ဒီအခြေအနေကို ဒီထက်ပိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ နောက်ပိုင်းမှာ တွေးမြင်မိတာတွေ ရှိကြောင်း၊ မိမိတို့အနေနဲ့ ဘက်ပေါင်းစုံက မျှတရမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးဟာ လူတိုင်းကို အကာကွယ်ပေးရာမှာဖြစ်ပြီး လူရွေးပြီး အကာကွယ်ပေးရမှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦး ထောင်ဒဏ် ၇ နှစ် အပြစ်ဒဏ်ပေးခံရတာနဲ့ပတ်သက်လို့လည်း သူတို့ကို လွတ်လပ်တဲ့ တရားရုံးမှာ စီရင်ခဲ့တာဖြစ်ပြီး သတင်းထောက်တွေဖြစ်လို့ ထောင်ဒဏ်အပြစ်ပေးခံရတာ မဟုတ်ဘဲ တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်လို့ ဆုံးဖြတ်လို့ အပြစ်ပေးခံရတာဖြစ်ကြောင်း၊ အမှုစီရင်ချက်ကို အစိုးရအဖွဲ့ဝင်အားလုံး ဖတ်ကြကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းထောက်တွေအနေနဲ့ တရားမမျှတဘူးလို့ ယုံကြည်ရင် အယူခံဝင်ခွင့်ရှိပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့ပတ်သက်လို့ ဒါဟာ မှားယွင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေးဆိုတာ သက်သေခံအထောက်အထား၊ စွဲချက်တင်ရတဲ့အကြောင်းရင်းတွေကို အခြေခံတယ်ဆိုတာ နားလည်ပုံမရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ကြေညာချက် ထုတ်ပြန်ဝေဖန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။