ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
2017.09.06

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက ခိုင်မာစွာ ရပ်တည်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံတို့ နေပြည်တော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"ပြီးခဲ့တဲ့သီတင်းပတ် နှစ်ပတ်လောက်တုန်းက ကျမတို့နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက ခိုင်မာစွာရပ်တည်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါ တယ်။ မြန်မာနဲ့ တခြားနိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြစ်မတွယ်နိုင်အောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင် မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုပါတယ်”
ဝန်ကြီးချုပ်မိုဒီက စကားပြန်ကနေတဆင့်ပြောရာမှာ ရခိုင်ပြည်နယ်မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာ၊ အရပ်သားတွေ ထိခိုက်ခံစားနေရတာတွေကို ထပ်တူခံစားရကြောင်း ပြော ပါတယ်။
အိန္ဒိယအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်းဟာ အခုဆိုရင် စစ်တွေနဲ့ ပလက်ဝမှာ ရေလမ်းသွားအစီအစဉ် ပြီးဆုံးသွားပြီဖြစ်ပြီး အခုဆိုရင်ကားလမ်းစီမံကိန်းတွေ စတင်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်မိုဒီဟာ ဒီကနေ့ အာနန္ဒာ အပါအဝင် ပုဂံဘုရားတွေကို ဖူးမျှော်မှာဖြစ်သလို မနှစ်က မြေငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံရှေးဟောင်းအမွေအနှစ်တွေကို ပြန်လည်ပြုပြင်ရာမှာလည်း အိန္ဒိယ အစိုးရက ကူညီမှာ ဖြစ်တယ်လို့ ပြောပါတယ်။
Myanmar Institute of Technologyနဲ့ စိုက်ပျိုးရေးနဲ့ ပညာရေး သုတေသနဌာနတွေကို အိန္ဒိယက ကူညီဖို့ကိုလည်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ မနက်ဖြန် အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားတွေနဲ့ မနက်ဖြန် တွေ့ဆုံမှာ ဖြစ်သလို ရွှေတိဂုံစေ တီတော်ကိုလည်း ဖူးမျှော်မှာဖြစ်ပါတယ်။