ခြိမ်းခြောက်သွေးထိုး စည်းရုံးနေ တာတွေ မယုံကြဖို့ ဒေါ်အောင် ဆန်းစုကြည် သတိပေး


2015.10.18
dassk-yaykyi-trip-620.jpg ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ ပြည်သူ့အားကစားကွင်းမှာ အောက်တိုဘာလ ၁၈ ရက်နေ့က ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်
Photo: Myo Thant Khaing/RFA

ရွေးကောက်ပွဲအတွက် ခြိမ်းခြောက် သွေးထိုးစကားတွေနဲ့ ပြောဆိုစည်းရုံးနေတာတွေကို မယုံကြည်ကြဖို့နဲ့ အဲ့ဒီလို စည်းရုံးပြောဆိုတာတွေဟာ ပြည်သူတွေကို အထင်သေး စော်ကားတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် ဂွမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ တက်ရောက်လာတဲ့ လူငယ်တစ်ဦးက ပုဂ္ဂိုလ်ရေး လူမျိုးရေးကို အခြေခံပြီး ပြော ဆိုတိုက်ခိုက်တာတွေ ရှိနေတဲ့အပေါ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ရွေးကောက်ပွဲမှာ နိုင်မှာကြောက်လို့ ဒီလိုဥပဒေနဲ့မကိုက်ညီတဲ့ စည်းရုံးရေးတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ယုံကြည်စရာရှိလို့လားလို့ ကျမက ပြန်မေးချင်ပါတယ်၊ အမုန်းတရား အကြောက်တရားကို အခြေခံပြီးတော့ စည်းရုံးတယ်ဆိုတာ ပြည်သူကိုစော်ကားတာပဲ၊ ပြည်သူအပေါ်အထင်သေးတာပဲဆိုတာ သဘောပေါက်ပါ၊ ပြည်သူတွေဟာ အမုန်းတရား အကြောက်တရားနဲ့ပဲ ဆွယ်လို့ရတယ်လို့ ထင်တဲ့ပုဂ္ဂိုလ်များ အဖွဲ့အစည်းများဟာ ပြည်သူတွေကို တန်ဖိုးမထားတာပဲ၊ ဒါကြောင့်မို့လို့ ကိုယ့်ကိုလာပြီးတော့ ဘာသာရေးကိစ္စ၊ လူမျိုးရေးကိစ္စ၊ အမုန်းတရား၊ အကြောက်တရားတွေနဲ့အခြေခံတဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ စည်းရုံးလို့ရှိလို့ ရှိရင် ပြန်မေးရမှာ ကျနော်တို့ကို ဘယ်လိုအဆင့်မျိုးထင်လို့လဲလို့ ခင်ဗျားတို့နဲ့ အဆင့်တူတယ်ထင်လို့လားလို့ အဲ့ဒီလိုပြန်မေးလိုက်ပါ၊ ဒါဟာ အာဏာရှင်များရဲ့ လုပ်ရိုးလုပ်စဉ်ကိစ္စပါ"

ရခိုင်ပြည်နယ်ဟာ သဘာဝအရလှပပြီး သယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်ဖြစ်ပေမယ့် ပြည်သူတွေ ဆင်းရဲနေ တာဟာ တိုင်းပြည်ရဲ့စနစ် မကောင်းလို့ဖြစ်ကြောင်း အဲ့ဒီစနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ဟာ အလဟသ ဖြစ်မသွားကြောင်း အဲ့ဒီရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေးခဲ့ပေမဲ့၊ လက်ရှိ ၂ဝ၁၅ ရွေးကောက်ပွဲ ဖြစ်လာတာဟာ ၁၉၉ဝ ရွေးကောက်ပွဲ နိုင်ငံရေးအရှိန်အဟုန်ကြောင့် ပြောင်းလဲလာတာဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမြို့ စည်းရုံးဟောပြောပွဲအပြီးမှာ ရခိုင်ရိုးမ တဘက်မှာရှိတဲ့ ဧရာဝတီတိုင်း ရေကြည်နဲ့ ကျုံပျော်မြို့တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက်ဟောပြောခဲ့ပါတယ်။

ရေကြည်မြို့ ပြည်သူ့အားကစားကွင်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ရာမှာ အဖွဲ့ချုပ်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲလိမ် မဲခိုးကိစ္စ စိုးရိမ်မိကြောင်း၊ မဲပေးတာတွေ မှန်ကန်ဖို့အတွက် လာမယ့် အောက်တိုဘာလ ၂ဝ ရက်နေ့ကစပြီး ဧရာဝတီတိုင်းမှာ မဲဘယ်လိုပေးရမယ်ဆိုတာ သင်တန်းပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"မဲလိမ်မှာ၊ မဲခိုးမှာပြည်သူတွေစိုးရိမ်သလို၊ ကျမတို့လည်း အင်မတန်မှစိုးရိမ်ပါတယ်၊ အဲ့တော့ နံပါတ် ၁ က ပြည်သူများဟာ မဲဘယ်လိုပေးရမလဲဆိုတာကို သေသေချာချာ သိအောင်တော့လေ့လာပါ၊ ကျမတို့အဖွဲ့ချုပ်က ၂ဝ ရက်နေ့ ကနေစပြီးတော့ ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမလဲဆိုတဲ့ ပညာပေးသင်တန်းတွေကို ဧရာဝတီတိုင်း အနှံ့ဆင်းပြီးတော့ ကျမတို့လုပ်ပါမယ် သေသေချာချာလေ့လာပါ၊ အခုကျမတို့က ရွေးကောက်ပွဲ က အရင်လိုခြစ်ရတာမဟုတ်ဘူး၊ တံဆိပ်ကလေး နှိပ်ရတာ၊ တံဆိပ်ကဝေးသွားရင် ပယ်မဲဖြစ်သွားနိုင်တယ်"

ဒါ့အပြင် ရွေးကောက်ပွဲကာလမှာ မတည်မငြိမ်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲရလဒ်တွေ မထိရောက်မှာကိုလည်း စိုးရိမ်ရတဲ့အတွက် ပြည်သူတွေ သတိရှိကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် ဂွမြို့မှာ ဒီကနေ့ မနက်က ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။ ဂွမြို့ဟောပြောပွဲဟာ ရခိုင်ပြည်နယ်ခရီးစဉ်ရဲ့ နောက်ဆုံးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂွမြို့မှာ ပြောကြားတဲ့မိန့်ခွန်းထဲက ကောက်နှုတ်ချက်တချို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဂွမြို့ကနေ ပေးပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့မှာ ပြောကြားချက်နဲ့ ပရိတ်သတ် မေးခွန်းတွေ အပေါ် ပြန်လည်ဖြေကြားခဲ့တာတွေကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ကောက်နှုတ်တင်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။