အစိုးရသစ်ကို ရွေးချယ်နိုင်အောင် NLD ကိုမဲပေးဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
2015.11.04

၂၀၁၅ ရွေးကောက်ပွဲဟာ ကိုယ်စားလှယ်တစ်ယောက်ချင်းကို ရွေးနေတာမဟုတ်ဘဲ အစိုးရတစ်ခုကိုရွေးချယ်တာဖြစ် လို့ အစိုးရဖွဲ့နိုင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောလိုက်ပါတယ်။
ကိုကိုးကျွန်းမဲဆန္ဒရှင်တွေကို ဗီဒီယိုကနေတဆင့်ပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ဟောပြောချက်မှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
ဒါ့အပြင် ကိုယ်တစ်ဦးတစ်ယောက် မဲမပေးလို့ ဘာမှမဖြစ်ဘူးဆိုတဲ့အတွေးမျိုး စိတ်ထဲမှာမထားဘဲ၊ မဲတစ်မဲချင်း စီဟာ တန်ဖိုးရှိတဲ့အကြောင်း၊ အထူးသဖြင့် ကိုကိုးကျွန်းမှာနေထိုင်ကြသူတွေရဲ့ မဲတစ်မဲချင်းစီဟာ တန်ဖိုးကြီးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ပြည်သူများအနေနဲ့ စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့အနာဂါတ်အတွက် ကိုယ်လုပ်ယူမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ပါဝင်ကြ ပါ၊ ဒါကြောင့်ဝေးလံခေါင်းပါးတဲ့ ကိုကိုးကျွန်းလည်း ကျမတို့နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့ လုံးဝတက်တက် ကြွကြွနဲ့ ပါဝင်ကြပါလို့ ကျမအနေနဲ့ ဆော်သြချင်ပါတယ်၊ ၁ဝဝ ရာခိုင်နှုန်းနိုင်ရင် ပြည်ထောင်စုလွှတ်တော်ထဲ မှာ ၇၅ ရာခိုင်နှုန်းပဲ ကျမတို့ရနိုင်ပါတယ်၊ ကျမတို့ အပြောင်းအလဲတွေလုပ်ဖို့ဆိုရင် ပြတ်ပြတ်သားသားနိုင်ဖို့ လိုပါတယ်၊ ဒါကြောင့်မဲဆန္ဒရှင် တစ်ဦးချင်းတစ်ဦးချင်းရဲ့ မဲဟာကျမတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်၊ ကိုယ်တစ်ယောက်မဲပေးလည်း ထူးပါ့မလားဆိုတဲ့ စိတ်ဓါတ်လုံးဝမထားပါနဲ့ ထူးပါတယ်၊ မဲတစ်မဲဟာ အထူးသဖြင့် ကိုကိုးကျွန်းလို မဲဆန္ဒရှင်နည်းတဲ့ မြို့မှာဆိုရင် မဲတစ်မဲဟာအင်မတန်မှ တန်ဖိုးကြီးပါတယ်၊ ဒါကြောင့် ကျမတို့ ကိုကိုးကျွန်း ကပြည်သူလူထုများဟာ တက်တက်ကြွကြွနဲ့ ရွေးကောက်ပွဲမဲစာရင်းမှာ ပါအောင်လို့ ကြိုးစားကြပါ"
ကိုကိုးကျွန်းကို သူကိုယ်တိုင်မလာနိုင်တဲ့အတွက် ဝမ်းနည်းမိရတယ်ဆိုတဲ့အကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကိုကိုးကျွန်းမြို့နယ်မှာ ယှဉ်ပြိုင်နိုင်တာကို ကျေနပ်မိတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။