သစ်ခိုးထုတ်မှုမှာ အုပ်ချုပ်ရေးပိုင်း က ပါဝင်နိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြော


2015.10.06
dassk-moemauk-620.jpg ကချင်ပြည်နယ် မိုးမောက်မြို့မှာ အောက်တိုဘာလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဟောပြောစဉ်
Photo: Kyaw Myo Min/ RFA

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေ လာရောက်ပြီး တရားမဝင် သစ်ခိုးထုတ်မှုတွေရှိနေတာဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ရပ်ကွက်က လောကမာရဇိန်ဘုရားဝင်းအတွင်းမှာ ဒီကနေ့ ကျင်းပတဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲမှာ တက်ရောက်လာတဲ့ ဒေသခံတစ်ဦးက ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခိုးထုတ်နေတာကို မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။

"သစ်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် တခြားတရားမဝင် နိုင်ငံရဲ့သယံဇာတပစ္စည်းတွေကို ထုတ်ပြီးရောင်းတာနဲ့ ပတ်သက်လို့ အဲ့ဒါလုပ်တာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ပေးပြီးတော့လုပ်ကြတယ်ဆိုတာ ပြည်သူတွေအားလုံး သိပြီးသာဖြစ်ပါတယ်၊ ကျမတို့ဟာ အနှစ် ၃ဝ အတိုက်အခံအဖွဲ့တစ်ခုအနေနဲ့ ရပ်တည်ခဲ့တာပါ၊ ကျမတို့ကို အမျိုးမျိုးကန့်သတ်ပြီးတော့ ဖိနှိပ်နေတာကလည်း ဒီသစ်တွေ ရောင်းဝယ်တဲ့ကိစ္စနဲ့ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ ပဲဖြစ်ပါတယ်၊ လူတိုင်းလူတိုင်းဟာ ဥပဒေအောက်မှာ တန်းတူညီတူဖြစ်ရမယ်၊ သာမာန်လူတစ်ယောက်က သစ်ပင်မခုတ်ရဘူးဆိုလို့ရှိရင် ဝန်ကြီးတစ်ယောက်ကလည်း သစ်ပင်ခုတ်ပိုင်ခွင့်မရှိပါဘူး၊ တန်းတူညီတူပါပဲ"

ဒါ့အပြင် တရုတ်မြန်မာနယ်စပ်နဲ့ နီးတဲ့မြို့တွေမှာ အဲဒီလို တရားမဝင် သစ်ခိုးထုတ်လုပ်မှုတွေ ဖြစ်နေတာဟာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့အောက်တိုဘာ ၂ ရက်ကနေ ၆ ရက်နေ့အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုကောင်း၊ မိုးမောက်စတဲ့ မြို့နယ်တွေမှာ မဲဆွယ်ဟောပြောခဲ့တာဖြစ်ပြီး ဒီကနေ့ည ရန်ကုန်မြို့ကို ပြန်လည်ရောက် ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။