စင်္ကာပူက ကြိုတင်မဲတွေ မှန်အောင်လုပ်ပေးဖို့ လိုအပ်


2015.10.22
dassk-minephat-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၂၁ ရက်နေ့က တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောစဉ်
Photo: Kyaw Zaw Win/RFA

စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးရာမှာ အများစုက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးထားတယ်လို့ အွန်လိုင်းပေါ်မှာ ပြောင်ပြောင်တင်းတင်း ပြောထားကြတဲ့အတွက် စင်္ကာပူနိုင်ငံက လာမယ့် ကြိုတင်မဲတွေကို ကမောက်ကမဖြစ်အောင် လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မင်္ဂလာဖားစည်အောင်မြေကွင်းမှာ ပြုလုပ်တဲ့ ရွေးကောက် ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

"စင်္ကာပူမှာရောက်နေတဲ့ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ၁၈ ရက်နေ့ကနေစပြီးတော့ သံရုံးမှာ ကြိုတင် မဲတွေပေးရပါတယ်၊ အဲ့ဒီတော့ ကြိုတင်မဲတွေကို ဘယ်လိုဘယ်ပုံနဲ့ပေးရတယ်၊ ဘယ်လိုအလွဲအချော်တွေ ရှိတယ်ဆိုတာကို ကျမတို့ရဲ့ စင်္ကာပူက နိုင်ငံသူ နိုင်ငံသားတွေက အွန်လိုင်းမှာတင်ထားတာကြောင့်မို့လို့ အားလုံးသိနိုင်နေပါပြီ၊ နောက်ပြီးတော့ လည်း ရဲရဲရင့်ရင့်နဲ့ NLD ကို မဲပေးပါတယ်ဆိုပြီးတော့ ပြောခဲ့တဲ့ သူတွေကလည်း ဗြောင်ပဲပြောထားတော့ စင်္ကာပူကလာတဲ့ ကြိုတင်မဲတွေကို ကမောက်ကမဖြစ်အောင် လုပ်ဖို့ဆိုတာ ၂ဝ၁ဝ တုန်းကလို လွယ်တော့မှာမဟုတ်ပါဘူးလို့ ပြောပါရစေ"

စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ သံရုံးမှာ ကြိုတင်မဲတွေကို သွားရောက်ပေးနေကြရပြီဖြစ်ကာ ကြိုတင်မဲပေးခွင့်ရှိသူ နှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ကြိုတင်မဲပေးရာမှာ မဲစာရင်းထဲမှာ နာမည်မပါလို့ မဲမပေးလိုက်ရသူတွေရှိခဲ့သလို မဲပေးခွင့်ရသူတွေကလည်း မဲလက်မှတ် အပြည့်အစုံမရကြတဲ့ အခက်အခဲတွေ၊ အလွဲအချော်တွေ ကြုံတွေ့ကြရတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တင်ထားကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကယားပြည်နယ်ထဲက မဲဆန္ဒနယ်တစ်ခုမှာ မဲပေးပိုင်ခွင့်ရှိသူ သုံးထောင်ကျော်လောက်ရှိရာမှာ ကြိုတင်မဲက သုံးထောင်နဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက အနိုင်ရခဲ့တဲ့ သာဓက ရှိခဲ့ကြောင်း သူ ကယားပြည်နယ်ခရီးစဉ် သွားရောက်ခဲ့စဉ်က သိခဲ့ရတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျိုင်းတုံမြို့က လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ဒေသခံပြည်သူ ငါးထောင်ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။