တာချီလိတ်နဲ့ ကျိုင်းတုံမြို့နယ် တို့ကို ဒေါ်အောင်ဆန်းစုကြည် သွားမည်


2015.10.19
dassk-sagaing-trip-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်နဲ့ ကျိုင်းတုံမြို့နယ်တို့မှာ ဟောပြောပွဲတွေကျင်းပ မှာ ဖြစ်ပါတယ်။

ကျိုင်းတုံမြို့နယ်မှာ ရိုးရာယဉ်ကျေးမှု အခမ်းအနားတွေ ကျင်းပနေကျဖြစ်တဲ့ မင်္ဂလာဖားစည်အောင်မြေကွင်း မှာ ဟောပြောပွဲကျင်းပဖို့ စီစဉ်နေတယ်လို့ ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။

"ကျိုင်းတုံ မင်္ဂလာဖားစည်အောင်မြေကွင်းမှာ အခမ်းအနားပြင်နေပြီ၊ ကွင်းကတော်တော်လေး ကျယ်ပါတယ်၊ ဘေးမှာလည်း လမ်းသွယ်တွေရှိတယ်၊ အဲ့မှာဂေါပကအဖွဲ့တွေရှိတယ်လေ၊ သူတို့ဆီမှာခွင့်တောင်းတာရတယ်လေ"

အရင်က ကျိုင်းတုံမြို့မှာရှိတဲ့ ပြည်နယ်အားကစားကွင်းနဲ့ မြို့မအားကစားကွင်းတို့မှာ ဟောပြောပွဲကျင်းပ ခွင့်ပြုဖို့ တောင်းပေမယ့် ခွင့်ပြုချက်မရတာကြောင့် မင်္ဂလာဖားစည်အောင်မြေကွင်းမှာ ကျင်းပမှာဖြစ်တယ်လို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။

အဲဒီကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ မဲဆွယ်စည်းရုံး ဟောပြော မှာဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အင်အား ၁၀၀ နီးပါးနဲ့ လုံခြုံရေးတာဝန်ယူမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ တာချီလိတ်မြို့မှာ ဟောပြောပွဲ ကျင်းပမှာဖြစ်သလို တာချီလိတ်ကနေ ကျိုင်းတုံကို သွားရာလမ်းမှာရှိတဲ့ မိုင်းဖြတ်မြို့နယ်မှာလည်း ဟောပြောမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် နိုဝင်ဘာလက တာချီလိတ်မြို့နယ်နဲ့ ကျိုင်းတုံမြို့နယ်တွေကို သွားရောက်ခဲ့လို့ အခုခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကနေ ဘယ်လိုအကျိုး သက်ရောက်မှုတွေရှိသလဲ ဆိုတာနဲ့ပတ်သက်ပြီး  သံတွဲမြို့သား ဦးမျိုး (ဥပဒေ) ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။