ဒေါ်အောင်ဆန်းစုကြည် ပအိုဝ်းဒေသခရီးစဉ် မကြာမီ စတင်မည်
2015.08.22

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းက ဟိုပုန်းနဲ့ ဆီဆိုင်မြို့တွေကို လာမယ့်စက်တင်ဘာလ ၅ ရက် နေ့ကနေ ၆ ရက်နေ့ အထိ နှစ်ရက်ကြာသွားရောက်မှာ ဖြစ်ပါတယ်။
ဟိုပုန်းနဲ့ ဆီဆိုင်မြို့တွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ် တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။
"အန်တီစု ခရီးစဉ်က ပအိုဝ်းကိစ္စခရီးစဉ်ပေါ့၊ တောင်ကြီးကနေ ဆီဆိုင်နဲ့ ဟိုပုန်းပဲလေ၊ အရင်ခရီးစဉ်ပဲ အရင်စီစဉ်ထားတဲ့အတိုင်းပဲ၊ ရွေးကောက်ပွဲအတွက်ပါပဲ ရွေးကောက်ပွဲအသိပညာပေးပါပဲ"
ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ သွားရောက်ဖို့ မူလကစီစဉ်ထားပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်အပြောင်း အလဲတွေ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် တောင်ကြီး ခရိုင်အတွင်းက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။