ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး


2015.08.17
dassk-shwemann-620.jpg ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့ သတင်းထောက်များနဲ့ တွေ့ဆုံစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် နာယက သူရဦးရွှေမန်းတို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ တစ်နာရီနီးပါး တွေ့ဆုံခဲ့ကြကြောင်း၊  ဘာတွေ ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာတော့ မသိရကြောင်း ပြောကြားခဲ့တယ်လို့ Reuters သတင်းဌာနက ဖေါ်ပြပါတယ်။

ဦးရွှေမန်း  ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌရာထူးက ဖယ်ရှားခံရတဲ့ အကြောင်းရင်းတွေထဲမှာ အတိုက်အခံ ခေါင်းဆောင်တွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိ နေတာဟာ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ အများက ဝေဖန်ပြောဆိုနေကြပါတယ်။

ဒီနေ့ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေး ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီဥပဒေအပေါ် လွှတ်တော်တွေက ဘယ်လောက်အထိ ထောက်ခံမှုရှိသလဲဆိုတာအသေအချာ မသိရသေးပေမဲ့၊ ဦးရွှေမန်း အပေါ် ကြီးမားတဲ့ ဖိအားတစ်ခုဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ဦးရွှေမန်းကို ထောက်ခံသူ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်အမတ် တစ်ဦး ကတော့ ဦးရွှေမန်းကို ကာကွယ်စောင့်ရှောက်ဖို့ သူတို့မှာ အစီအစဉ် တစ်ရပ် ရှိကြောင်း၊ တစ်ဖက်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေကြောင်း ပြောဆိုတယ်လို့ Reuters သတင်းဌာနက ဖေါ်ပြပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးမှာ ပါတီ ဥက္ကဌသစ် ဦးဌေးဦးက ပါတီရဲ့ မူဝါဒနဲ့ အစီအစဉ်တွေ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း၊ လာမယ့် ရွေးကောက်ပွဲအတွက် ပါတီကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်း ဟာလည်း မူလအတိုင်းအပြောင်းအလဲ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။