နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စင်္ကာပူကို ရောက်ရှိ


2018.08.19
dassk-sg-622.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ရောက်ရှိလာစဉ်
Photo:Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံကို မနေ့က ထွက်ခွာသွားခဲ့ပါတယ်။

သြဂုတ် ၁၉ ရက်ကစပြီး ၂၂ ရက်နေ့ထိ လေးရက်ကြာ ခရီးစဉ်မှာ စင်္ကာပူသမ္မတ ဟာလီမာ ယာကော့၊ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဝါရင့်ဝန်ကြီး ဂိုချောက်ထောင် အပါအဝင် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ နှစ်နိုင်ငံ စီးပွားရေး ပူးတွဲဆောင်ရွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်တွေနဲ့ အာဆီယံအရေးကိစ္စတွေ အမြင်ချင်းဖလှယ်မယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး " မြန်မာ နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်နဲ့ ရှေ့ဆက်ရမယ့်ခရီး" ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

စင်္ကာပူရောက် နိုင်ငံခေါင်းဆောင်တွေ ပြောကြားလေ့ရှိတဲ့ အဲဒီ Singapore Lecture လို့ခေါ်တဲ့ မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ၄၃ ဦး မြောက်အဖြစ် ပြောကြားမှာပါ။ တောင်ကိုရီးယားသမ္မတ Moon Jae-in က ၄၂ ဦးမြောက်၊ တူရကီဝန်ကြီးချုပ် ဘီနာလီ က ၄၁ ဦးမြောက်အဖြစ် ဟောပြောခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် က စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့လို့ အခု ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်လည်း ပြီးခဲ့တဲ့ ဧပြီလက စင်ကာပူနိုင်ငံကို သွားရောက်ခဲ့ ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာလည်း ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ် ခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။