ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီးစဉ်အတွင်း မိန့်ခွန်းပြောမည်
2018.08.10

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာနိုင်ငံတွေသိရှိနိုင်အောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စင်ကာပူနိုင်ငံက Singapore Lecture မှာ မိန့်ခွန်းပြောကြားသွား မှာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားမှုအရ သြဂုတ်လ တတိယပတ်အတွင်း စင်ကာပူနိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကပြောပါတယ်။
“စင်ကာပူဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားမှုအရတော့ စင်ကာပူကို သွားဖို့ရှိပါတယ်။ တတိယပတ်လောက် မှာ ဖြစ်ပါလိမ့်မယ်ခင်ဗျ။ ၂ဝ နဲ့စတဲ့ Week မှာဖြစ်ပါလိမ့်မယ်။ သွားရင်တော့လည်း ခရီးစဉ်က တညအိပ် သို့မဟုတ် ၂ ညအိပ် အဲလောက်ပဲ ဖြစ်ပါလိမ့်မယ်ခင်ဗျ။”
Singapore Lecture ကို နိုင်ငံတကာက ခေါင်းဆောင်တွေက စောင့်ကြည့်နေတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ စင်ကာပူနိုင်ငံကတဆင့် နိုင်ငံတကာကို ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်မှာ မိတ်ဖက်နိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းပြောကြားသွားမှာဖြစ်တယ်လို့ ဦးစိုးဟန် က ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ်အပါအဝင် စင်ကာပူနိုင်ငံရဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ စီးပွားရေးပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှု၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေနဲ့ အာဆီယံအရေးနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်သွားဖို့တွေရှိတယ်လို့ ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ် ခဲ့ပြီး နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ ၃ ရက်ကြာ နေထိုင်ခဲ့ပါတယ်။