တရုတ်နဲ့ဆက်ဆံရေး အထူး အလေးပေးမယ်လို့ ဒေါ်အောင် ဆန်းစုကြည်ပြော


2015.11.18
dassk-china-ambassador-620.jpg မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: NLD Chairperson Facebook

ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး၊ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အထူးအလေးပေးသွားမှာဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့ မနေ့က နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"တရုတ်ပြည်ဆိုတာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ၊ အိမ်နီးချင်းနိုင်ငံများရဲ့ ဆက်ဆံရေးဆိုတာ အဝေးနိုင်ငံများရဲ့ ဆက်ဆံရေးထက် အများကြီးပိုပြီးသိမ်မွေ့ပါတယ်၊ သိမ်မွေ့တဲ့ အလျှောက် ကျမတို့ဟာ ဒီဆက်ဆံရေးကို သိပ်ပြီးတော့အလေးထားပြီးတော့ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် တိတိကျကျ ကျမတို့ဆက်ဆံသွားမှာပါ၊ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဟိုဘက် ဒီဘက်နှစ်ဖက်စလုံးက လိုလားလို့ရှိရင် မဖြစ်နိုင်စရာ လုံးဝမရှိပါဘူး"

လွတ်လပ်ရေးရအပြီး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ မှန်ကန်တယ်လို့ ယူဆကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။

"ကျမတို့ဟာ လွတ်လပ်ရေးရစဉ်ကတည်းက သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒ မှန်ကန်တယ်လို့ပဲ သဘောထား ပါတယ်၊ မှန်ကန်တဲ့နိုင်ငံခြားရေးမူဝါဒကို ကျမတို့ သုံးစွဲခဲ့လို့ပါပဲ၊ အဲ့ဒီမူဝါဒအရဆိုရင် ကျမတို့ အိမ်နီးနား ချင်းတွေနဲ့လည်း ကျမတို့ ရင်းရင်းနှီးနှီးခင်ခင်မင်မင် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ အဝေးက မိတ်ဆွေတွေနဲ့လည်း ရင်းရင်းနှီးနှီး ဆက်ဆံတယ်၊ ကျမတို့ ခင်ခင်မင်ဆက်ဆံတယ်၊ ဘယ်သူ့ကိုမှ ကျမတို့ ရန်သူလိုမထားဘူး၊ အားလုံးကို မိတ်ဆွေလိုထားတယ်၊ ဒီလိုကြောင့်မို့လို့ မြန်မာနိုင်ငံဟာ အဲ့ဒီအချိန်တုန်း ကဆိုရင် ကမ္ဘာမှာရှိတဲ့ နိုင်ငံတော်တော်များများရဲ့ စေတနာကို ကျမတို့ရရှိပါတယ်"

မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်မှုရှိပြီး၊ ပြည်သူလူထုရဲ့ဆန္ဒကို မှန်မှန်ကန်ကန် အကောင်ထည်ဖော်နိုင်မယ့်စနစ် နဲ့ နိုင်ငံတိုးတက်အောင် ဆောင်ရွက်မယ်ဆိုတာ ပွင့်လင်းမြင်သာစွာနဲ့ ထင်ထင်ရှားရှားပြနိုင်ရင် နိုင်ငံတကာက ယုံကြည်မှုရှိလာပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ တိုးတက်လာမှာ ဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းဌာန ကို ဖြေကြားခဲ့ပါတယ်။

အခုလို တရုတ်အစိုးရပိုင် သတင်းမီဒီယာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမေးမြန်းခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဟုန်လျန်ဟာ မနေ့က နေပြည်တော် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။