မူးယစ်ဆေးပြဿနာ တိုက်ဖျက်ဖို့ အုပ်ချုပ်ရေးကဏ္ဍ လိုအပ်


2015.10.04
dassk-moenyhin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ လယ်ပုံတန်းရပ်ကွက် အားကစားကွင်းမှာ အောက်တိုဘာ ၄ ရက်နေ့က မဲဆွယ်စည်းရုံးဟောပြောနေစဉ်
Photo: Kyaw Myo Min/ RFA

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍ ပါမှ ဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကချင်ပြည်နယ် မိုးညှင်းမြို့ မဲဆွယ်စည်းရုံးရေးပွဲမှာ ဒေသခံတစ်ဦးက အစိုးရဖွဲ့နိုင်ရင် လူငယ်တွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးပြဿနာ အပေါ် ဘယ်လို ဖြေရှင်းပေးမလဲလို့ မေးမြန်း ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

"ကျမတို့ စီမံကိန်းလေးတစ်ခုလုပ်ချင်တယ်ပေါ့နော်၊ စုံစမ်းကြည့်တော့အဖြေက ဘယ်လိုပါလာလဲဆိုတော့ မူးယစ်ဆေးဝါးကိစ္စကို ထိထိမိမိလုပ်နိုင်ဖို့ဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ပူးပေါင်းပါဝင်မှုမရှိဘဲနဲ့ ဘယ်လိုမှလုပ် လို့မရဘူးဆိုတဲ့အဖြေကရောက်လာပါတယ်၊ ကျမတို့အစိုးရဖြစ်လာရင် ဒီကိစ္စကိုထိထိမိမိ တစ်ကယ့်ကျွမ်းကျင် တဲ့အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးပြီးတော့ ထိရောက်အောင်လို့ ကျမတို့လုပ်ပါမယ်၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာလုပ်ပိုင်ခွင့်မရှိပဲနဲ့ လုပ်လို့ကိုမရဘူး၊ တချို့နေရာတွေမှာအဲ့ကိစ္စကပါနေတယ်လို့ ကျမနားလည်တယ်၊ ဒါတော့ ကျမသေသေချာချာမသိဘူးပေါ့နော်၊ ဖြစ်နိုင်ဖို့ကတော့များပါတယ်၊ ဒါကြောင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကနေစပြီးတော့ ကျမတို့ပြုပြင်ရမယ်၊ ဒီဟာလုပ်တဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီဖို့ အသင့်ပါပဲ"

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဟာ အရေးကြီးကြောင်းနဲ့ ဒီမိုကရေစီရရှိခြင်းဟာ တပ်မတော် အကျိုးအတွက်လည်း အများကြီးပါပါတယ်လို့ ပြောခဲ့ ပါတယ်။

မိုးညှင်းမြို့ဟောပြောပွဲကို ဟိုပင်၊ မိုးညှင်း၊ မော်ဟန်၊ နမ္မား၊ ပင်းဟဲ၊ ဘီလူး စတဲ့မြို့ရွာ တွေက လူဦးရေ တစ်သောင်းကျော် တက်ရောက်ခဲ့ပါတယ်။

အလားတူ ဒီနေ့ နေ့လယ်ပိုင်းက အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာမှာ ဟောပြောပွဲမှာလည်း လုံးတုံ၊ နန့်မွန်း၊ နန့်ပတဲ၊ မိုင်းနောင်၊ လုံးစန့်စတဲ့ ကျေးရွာတွေ က ဒေသခံ နှစ်သောင်းခန့် တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ဗန်းမော်မြို့ကို သွားရောက်မှာဖြစ်ပြီး ဗန်းမော်၊ မိုးမောက်စတဲ့မြို့တွေမှာ မဲဆွယ်ဟောပြောပွဲပြုလုပ်မယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကလည်း မဲပေးရာမှာ ပယ်မဲမဖြစ်ရအောင် သေချာ ဂရုတစိုက် စစ်ဆေးပြီး မဲထည့်ကြဖို့ မြိတ်မြို့နယ် မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အသိပညာပေးဟောပြော ပွဲ မှာပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိုးညှင်းနဲ့ အင်းတော်ကြီး စည်းရုံးရေးခရီးနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။