အစိုးရဖြစ်ခဲ့ရင် မြစ်ဆုံစီမံကိန်း သဘောတူညီချက် ချပြမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2015.10.02
dassk-myintkyina-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၂ ရက်နေ့က မြစ်ကြီးနားမြို့ လူထုကို ဟောပြောနေစဉ်
Photo: Kyaw Myo Min/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အစိုးရဖြစ်ခဲ့ရင် ပထမဆုံးလုပ်မယ့် အလုပ်က မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ချုပ်ဆိုထားသလဲဆိုတာ ကို ပြည်သူတွေကို ချပြဖို့လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောအားကစားကွင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ ပရိသတ်တစ်ဦးက ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်ခဲ့ရင် ပထမဦးဆုံးလုပ်မယ့်ကိစ္စက မြစ်ဆုံ က ရေကာတာနဲ့ပတ်သက်လို့ အစိုးရဟာ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ယူထားလဲဆိုတာ ပြည်သူကိုချပြဖို့ ကျမတို့လုပ်ပါမယ်"

မြစ်ဆုံရေကာတာစီမံကိန်း သဘောတူညီချက်တွေထဲမှာ ဘာတွေပါသလဲဆိုတာ မသိတဲ့အတွက် ရွေးကောက်ပွဲ စည်းရုံးရေးမှာ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်လို့ပြောရင် တာဝန်မဲ့ရာ ရောက်မှာဖြစ်ကြောင်းလည်း ပြော ပါတယ်။

ဒေသခံပြည်သူတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကြောင့် မြစ်ဆုံရေကာတာစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး မကြာခင်မှာပဲ ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာ မရှိတဲ့အတွက် အဲ့ဒီအပေါ် သဘောထားမပေး လိုကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မြစ်ကြီးနားဟောပြောပွဲအပြီး ညနေပိုင်းမှာ ဝိုင်းမော်မြို့မှာ ဆက်လက်ဟောပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။