ဒေါ်အောင်ဆန်းစုကြည် ပြော ကြားချက် ကချင်ပြည်နယ်အစိုးရ ကန့်ကွက်


2015.10.10
dassk-moemyhin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို မိုးညှင်းမြို့ဟောပြောပွဲမှာ တွေ့ရစဉ်
Photo:Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်နေတာဟာ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာ အားလုံးသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးမောက်မြို့ဟောပြောပွဲမှာ ပြောကြားလိုက်တာကို ကန့်ကွက်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်နယ်အစိုးရရဲ့ အဲ့ဒီကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးရုံးတွေမှာ ဒီနေ့ လိုက်လံကပ်ထားတယ်လို့ မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပီတာဒွဲလက ပြောပါတယ်။

"လူတစ်ယောက်က မေးလိုက်တာကို သစ်တွေခိုးထုတ်နေတယ်တဲ့ အဲ့ဒီမှာဖြေလိုက်တာက ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်မှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်နေတာဟာ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်နေကြတာ ဖြစ်နိုင်တဲ့အကြောင်း သူကဖြေလိုက်တာ၊ အဲ့ဒါကြောင့်မို့လို့ ကချင်ပြည်နယ်အစိုးရ ကနေပြီးတော့မှ ခွင့်ပြုထားခြင်းမရှိပါဘူး လိုလားမှုလည်း မရှိပါဘူးပေါ့နော်၊ သူပြောလိုက်တာက ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်နေတဲ့အကြောင်းဆိုတော့ ကျနော်တို့တောင်မှ သစ်မှောင်ခိုနဲ့ပေါင်းနေ သလိုဖြစ်နေပြီလေ၊ အဲ့ဒီလိုပြောနေတာကိုတော့ ကန့်ကွက်ပါတယ်တဲ့"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က မိုးမောက်မြို့က မဲဆွယ်ဟောပြောပွဲမှာ ဒေသခံတစ်ဦးက ကချင်ပြည်နယ် မှာ တရုတ်နိုင်ငံသားတွေ တရားမဝင်သစ်ခုတ်နေတာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က သစ်နဲ့ပဲပတ်သက်လို့ဖြစ်ဖြစ် တခြားနိုင်ငံရဲ့သယံဇာတွေကို တရားမဝင် ထုတ်ရောင်းနေတာဟာ အုပ်ချုပ်ရေး ပိုင်းနဲ့ ပူးပေါင်းပြီးလုပ်ကြတယ်ဆိုတာ ပြည်သူတွေလည်း သိတယ် ၊ အားလုံးသိတယ်လို့ ဖြေကြားခဲ့တာ ဖြစ် ပါတယ်။

ကချင်ပြည်နယ်အတွင်း ကေအိုင်အေနဲ့ တစ်ခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ သစ်ခိုးထုတ်မှုတွေမှာ ပါဝင်မှုရှိနေတဲ့အခြေအနေတွေကို ထောက်ပြခြင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုဟာ အုပ်ချုပ်ရေးအဖွဲ့ကို တစ်ဖက်သတ် ပြောဆိုချက်ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ထိခိုက်စေတဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့ အချက် ၄ ချက်ပါတဲ့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂ ရက်ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ နန့်မွန်း၊ ဗန်းမော်၊ မိုးမောက် စတဲ့မြို့တွေမှာ မဲဆွယ်ဟောပြောခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။