နိုင်ငံတော်အခြေပြမိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အင်္ဂလိပ်လို ပြောမည်
2017.09.16
လာမယ့်စက်တင်ဘာလ ၁၉ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂလိပ်လို ပြောကြားမှာဖြစ်ပြီး မြန်မာ့အသံ ရုပ်မြင်သံကြား၊ ရေဒီယို၊ FM လိုင်းအားလုံးကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
မနက် ၁၀ နာရီမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး မိန့်ခွန်းပြီးသွားတဲ့အခါ မြန်မာလိုဘာသာပြန်ထားတာကို ပြန်လည်ထုတ်လွှင့်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။
"နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ၁၉ ရက်နေ့မှာ MICC 2 မှာ မနက် ၁၀ နာရီမှာ နိုင်ငံတော် အခြေပြ မိန့်ခွန်းသဘောမျိုး ပြောပါမယ်၊ ပြောတဲ့အကြောင်းအရာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ပြောပါမယ်၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက Live လွှင့်မယ် ရေဒီယိုတို့ FM တို့မှာလည်း Live လွှင့်ပါမယ်၊ facebook . website တို့မှာလည်း Live တင်ပါ့မယ်၊ အင်္ဂလိပ်လို တစ်ခါတည်းပြောမှာဖြစ်တဲ့အတွက် အဲဒီအချိန်မှာတော့ တစ်ခါတည်းမြန်မာလို ထိုးနိုင်မှာမဟုတ်ဘူးဗျ၊ ဒါပေမဲ့ မိန့်ခွန်းပြောပြီးသွားရင်တော့ မြန်မာလိုဘာသာပြန်မယ် ပြန်ပြီးပြမှာပါ"
အဲဒီမိန့်ခွန်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြောကြားမှာဖြစ်ပါတယ်။
ပြည်တွင်းမှာအခြေစိုက်တဲ့ နိုင်ငံတကာက သံတမန်တွေလည်း တက်ရောက်ကြမှာဖြစ်သလို ပြည်ပက သံတမန်တွေလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ပြည်တွင်းက သတင်းထောက်တွေအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကြိုတင်စာရင်းပေးထားရမှာဖြစ်ပြီး ပြည်ပက လာရောက်သတင်းယူကြမယ့် သတင်းထောက်တွေအတွက်လည်း ဗီဇာကအစ အဆင်ပြေအောင် ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့စီစဉ်ခဲ့ပေမယ့် ရခိုင်ပြည်နယ် မောင်တော အရေးကိစ္စတွေအပါအဝင် အချက် ၄ ချက်ကြောင့် ညီလာခံကို ကိုယ်တိုင်မတက်ရောက်ဘဲ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက် မှာဖြစ်ပါတယ်။