ဥပဒေ မစိုးမိုးလို့ နယ်စပ် အခြေအနေတွေ ဆိုးရွား
2015.10.05

မြန်မာနိုင်ငံ နယ်ခြားဒေသတွေမှာ အခုလိုအခြေအနေတွေ ဆိုးဝါးနေတာဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့အတွက်ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲမှာ အခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုဖြေကြားလိုက်တာပါ။
"ကျမတို့နိုင်ငံဟာ လွတ်လပ်ရေးရရှိတုန်းက ဦးဆောင်ခဲ့တဲ့ ကျမတို့ခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီး ပါတယ်၊ ဒီလိုအင်အားကြီးတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုစလုံးနဲ့ အဆင်ပြေအောင်လို့ ကျမတို့ ခေတ်အဆက် ဆက်နေခဲ့ပါတယ်၊ ကိုယ့်နိုင်ငံကို ကိုယ်သေသေချာချာ စည်းမျဉ်းစည်းကမ်းအရရော သံတမန်ရေးရာအရရော ကျမတို့ပါဝင်ခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့ ကျမမြင်တာကတော့ တရားဥပဒေစိုးမိုးရေး မရှိတဲ့အခါကျတော့ နယ်စပ်မှာဖြစ်ချင်တိုင်းဖြစ်နေတာပဲလို့ ကျမကပြောရတော့မှာပဲ၊ ကျမတို့ဟာ ကျမတို့အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင်နေရမယ်၊ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ကျမတို့ပြည်သူလူထုရဲ့ အခွင့်အရေးတွေ တရားဥပဒေစိုးမိုးရေးနဲ့ ကျမတို့က သေသေချာချာကာကွယ်ထားရမယ်လို့ ကျမပြောချင်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးနဲ့ လူမှုရေးစတဲ့ ပုံစံနှစ်မျိုးနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်သူအချင်းချင်းကြားမှာလည်း အပြန်အလှန်လေးစား နားလည်မှုတွေနဲ့ ငြိမ်ချမ်းရေရအောင် တစ်တပ်တစ်အား ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လက်နက်ကိုင်အဖွဲ့တွေကြောင့် ပြည်သူတွေစိုးရိမ်သောက ရောက်နေကြရတဲ့ အခြေအနေတွေကိုလည်း ဒေသခံတွေက မေးမြန်းခဲ့ကြပါတယ်။
ဒီကနေ့ ဟောပြောပွဲကို ရွေကူ၊ ဗန်မော်၊ မန်စီ၊ မိုးမောက်စတဲ့မြို့နယ်တွေက ဒေသခံတစ်သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း မနက်ဖြန်မှာတော့ မိုးမောက်မြို့မှာ မဲဆွယ်ဟောပြောပွဲပြုလုပ်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗန်းမော်မြို့ မဲဆွယ်ဟောပြောပွဲအကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။