လာမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီရေးအတွက် အဆုံး အဖြတ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော


2015.09.15
dassk-democarcy-day-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်လွှတ်တော်ရပ်ဝန်းက သဘင်ဆောင်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ ၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းမယ့် ရွေးကောက်ပွဲရဲ့ အောင်မြင်မှုအတိုင်းအတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်သဘင်ဆောင်မှာ ဒီနေ့ ကျင်းပတဲ့ ၂၀၁၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောခဲ့တာပါ။

"လောလောဆယ် အထူးအလေးထားဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်မယ့် အထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို လေးစားအကောင်အထည်ဖော်ရေးတို့ဖြစ်ပါတယ်၊ ရွေးကောက်ပွဲရဲ့ စစ်မှန် တဲ့အောင်မြင်မှု အတိုင်းအတာဟာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မည်မျှခရီးရောက်သနည်း၊ မည်မျှအနှစ်သာရရှိတယ်ဆိုတာကို ထင်ရှားစွာပြသမှာဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ စိတ်အားထက်သန်တဲ့ ပါဝင်ဆောင်ရွက်မှုနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး မြန်ဆန်အေးချမ်းစွာ ပေါ်ထွန်း လာစေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယနေ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ဆုတောင်းဖြစ်ပါတယ်"

ဒါ့အပြင် အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ စတင်ဖွဲ့စည်းတဲ့အချိန်ကတည်းက စစ်မှန်တဲ့ ဒီမိုကရေ စီပြည်ထောင်စု ပေါ်ထွန်းရေး၊ အမျိုးသားရင်ကြားစေ့ရေးမူတွေကို ကိုင်စွဲပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ ရရှိနိုင်ဖို့်အတွက် ကြိုးပမ်းခဲ့တယ်လို့ ပြောကြားခဲ့တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက်ဆောင်ရွက်ရဦးမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်မှာ ပြည်သူ အားလုံးပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အားလုံးဆောင်ရွက်ပေးကြဖို့ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံရေးပါတီ ၂၀က ပါတီ အသီးသီးရဲ့ စာတမ်းတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကိုယ်စား မြန်မာပြည်သူ့ဖိုရမ်နဲ့ ကျောင်းသား လူငယ်တွေရဲ့ စာတမ်းတွေကို ဖတ်ကြားခဲ့ကြပါတယ်။

အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဌ ဦးမြသိန်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေနိုင်ငံတကာ သံတမန်တွေ ၊ အရပ်ဘက်အဖွ့ဲအစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။