အောက်တန်းကျတဲ့ ထိုးနှက် ချက်တွေကို နားထောင်ဖို့ မလိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2015.09.20
dassk-zayyarthiri-620.jpg အမျိုုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲကျင်းပစဉ်
Photo: Win Naung Toe/RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် မြန်မာနိုင်ငံကို လူမျိုးခြားတွေ အုပ်ချုပ်လိမ့်မယ်လို့ ထိုးနှက်တိုက်ခိုက်တာတွေဟာ အောက်တန်းကျတဲ့ နိုင်ငံရေးဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် "ကုလားတွေ" အုပ်ချုပ်လိမ့်မယ်လို့ ထိုးနှက်တိုက်ခိုက်မှု တွေရှိနေတဲ့ အပေါ် ဘယ်လိုပြောချင်ပါသလဲလို့ မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောပြီး စည်းရုံးတိုက်ခိုက် တာဟာ "အောက်တန်းကျတဲ့နိုင်ငံရေး" ဖြစ်ကြောင်းနဲ့ အဲဒီလိုပြောဆိုနေတာတွေကို နားထောင်စရာ မလိုကြောင်း ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲမှာ လူငယ်တစ်ဦးက မေးမြန်းတာကို ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အဲ့ဒီလိုပြောပြီးတော့ စည်းရုံးတာ၊ တိုက်ခိုက်တာဟာ အင်မတန်မှ အောက်တန်းကျ တဲ့နိုင်ငံရေးပဲပြောပါရစေ ၊ အောက်တန်းကျတဲ့နိုင်ငံရေးကို လုပ်တဲ့သဘော၊ ဘာလည်း ဆိုတော့ ပြည်သူကို မလေးစားတဲ့သဘောပဲ ၊ ပြည်သူတွေက အတယ်၊ နုံတယ်၊ ငါတို့ပြောသမျှကိုယုံမယ်လို့ထင်လို့ အဲ့ဒီလို အောက်တန်း ကျကျ နိုင်ငံရေးလုပ်တာပါလို့ ကျမပြောချင်ပါတယ်၊ ကိုယ့်ကိုအထင်သေးတဲ့ လူတွေရဲ့စကားဟာ ကိုယ့်ကိုမလေးစား တဲ့လူတွေ ရဲ့စကား၊ ကိုယ့်ကို တန်ဖိုးမထားတဲ့ လူတွေရဲ့စကားကို နားထောင်စရာ အကြောင်းကိုမရှိဘူးလို့ ကျမအနေ နဲ့ ပြောချင်ပါတယ်"

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေကလည်း ကိုယ့်တာဝန်ကျေပြွန်ဖို့ လိုအပ်သလို အာဏာကို အစိုးရအပေါ်အားလုံး ပုံအပ်ထားတာမျိုး မလုပ်ကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရင်လည်း အာဏာကို ပုံအပ်ထားတာမျိုး မလုပ်ဖို့ကိုလည်း ပြောပါတယ်။

အန်အယ်လ်ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို အကောင်းဆုံးဖြစ်အောင်ရွေးချယ်ထားကြောင်း နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွ့ဲနိုင်မယ်ဆိုရင် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဟောပြောတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ဟာ ပြည်ခိုင်ဖြိုးပါတီ က နေယှဉ်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နန်းသြကျေးရွာ ဟောပြောပွဲကို ဒေသခံ တစ်သောင်းနီးပါးလောက် တက်ရောက်ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။