တပ်မတော်သား ကိုယ်စား လှယ်လျှော့ချဖို့ ဒေါ်အောင်ဆန်း စုကြည် အကြံပြုထား
2015.04.09

ရွေးကောက်တင်မြှောက်ခံရခြင်း မဟုတ်ဘဲ လွှတ်တော်တွေမှာ ကိုယ်စားပြုခွင့်မရှိဘူးဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း လက်ရှိလွှတ်တော်တွေက တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ကို တဖြည်းဖြည်းချင်း လျှော့ချသွားဖို့အတွက် အကြံပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး ကော်မတီရုံးခန်းမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားသတင်းထောက်တစ်ဦး ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အပြောင်းအလဲကာလအတွက် မိမိတို့အနေနဲ့ အကြံပြုထားတဲ့အထဲက တစ်ချက်ကတော့ လွှတ်တော်အတွင်းမှာရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ရာခိုင်နှုန်းကို တဖြည်းဖြည်းလျှော့ချ သွားနိုင်ဖို့ ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်မှာ တပ်မတော်သားဖြစ်စေ၊ သာမန်အရပ်သားဖြစ်စေ ရွေးချယ် တင်မြှောက်ခံရခြင်းမရှိဘဲ လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုခွင့်မရှိဘူးဆိုတဲ့ ကျင့်စဉ်ကိုလက်ခံပြီး အပြန်အလှန်ညှိနှိုင်းတိုင်ပင်ပြီးမှ လက်ခံသွားဖို့ ဖြစ်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ တာ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် အရေးကြီးကြောင်း၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲကို အောက်တိုဘာကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မနက်ဖြန်မှာ ထိပ်သီးခေါင်းဆောင်တွေရဲ့ ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပမှာဖြစ်ပြီး အစသဘောမျိုးသာဖြစ် တာကြောင့် နောက်နောင်ထပ်မံကျင်းပတဲ့ ဆွေးနွေးပွဲတွေလည်း လိုအပ်နေမှာဖြစ်ကြောင်းလည်း ပြောသွားခဲ့ ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။