နိုင်ငံတော်အတိုင်ပင်ခံ ထောက်ခံပွဲ နေပြည်တော်မှာကျင်းပ
2017.10.22

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ဒေသအရေး ဆောင်ရွက်ချက်တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို အားပေးတဲ့ လူထုထောက်ခံပွဲကို နေပြည်တော်၊ ရာဇဌာနီလမ်းမှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော် ဘုရားပွဲကွင်းမှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
နေပြည်တော်က အရပ်ဖက်အဖွဲ့တွေက ဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တဲ့အနေ နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ် က ပြောပါတယ်။
"ဦးစီးပြီးလုပ်တာကတော့ နေပြည်တော်က အရပ်ဖက်အဖွဲ့အစည်းတွေပေါ့၊ ဒေါ်အောင်ဆန်းစုကြည် ကို လေးစားယုံကြည်တဲ့ လူငယ်အဖွဲ့တွေ များပါတယ်၊ သူတို့ဦးဆောင်ပြီးလုပ်ကြတာပေါ့၊ အင်အား အနေနဲ့တော့ ၅ သောင်းဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်"
အဲဒီအခမ်းအနားကို ဒီကနေ့ ညနေ ၄ နာရီက စတင်ပြုလုပ်နေတာဖြစ်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဂျင်မီနဲ့ စာရေးဆရာ ဦးထင်လင်းဦးတို့က ဟောပြောခဲ့ကြပါတယ်။
နိုင်ငံကျော် စိန်ဒူးဝါးမင်္ဂလာဆိုင်းအဖွဲ့နဲ့ ပန်းရဲ့လမ်းတေးဂီတအဖွဲ့တို့က တက်ရောက်လာသူတွေကို ဖျော်ဖြေ ခဲ့ကြတယ်လို့ သိရပါတယ်။
နေပြည်တော်က လူထုထောက်ခံပွဲကို နေပြည်တော်ကောင်စီအဖွဲ့ဝင်တွေ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အလားတူ ထောက်ခံပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မြစ်ကြီးနား နဲ့ ပုသိမ် စတဲ့ မြို့ကြီး တွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။