တာချီလိတ်ရောက် ဒေါ်အောင် ဆန်းစုကြည်ကို လူမျိုးစုံ ကြိုဆို


2015.10.21
dassk-tachileik-620.JPG တာချီလိတ်မြို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းမှာ အောက်တိုဘာလ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောစဉ်
Photo:Kyaw Zaw Win/RFA

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်ကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က တာချီလိတ်မြို့ လေဆိပ်မှာ ကချင်၊ အခါ၊ ရှမ်း၊ မြန်မာ စတဲ့လူမျိုးပေါင်းစုံ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

ဟောပြောပွဲကို တာချီလိတ်မြို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းမှာ မွန်းလွဲပိုင်းမှာ စတင်ခဲ့ပါတယ်။

ဟောပြောပွဲမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့က မိမိတို့ နိုင်ငံသားတွေ သူများနိုင်ငံမှာ သွားရောက်လုပ်ကိုင်ရတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

"နိုင်ငံရပ်ခြားကိုသွားပြီးတော့ ဗဟုသုတရှာတယ်ဆိုတာ မှန်ကန်ပါတယ်၊ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ အလုပ်မရနိုင်လို့ တခြားနိုင်ငံသွားရတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူးလို့ ကျမပြောချင်ပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပါတီနိုင်ငံရေးနဲ့ အမျုးိသားနိုင်ငံရေး မတူဘူးလို့ ပြောဆိုနေကြတာကိုလည်း တုန့်ပြန်ရှင်းလင်းခဲ့ပါတယ်။

"ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ မတူဘူးဆိုပြီးတော့ ဝါဒဖြန့်ချိကြပါတယ်၊ တကယ်တော့ ပါတီနိုင်ငံရေးဆိုတာ လက်တွေ့ကျကျလုပ်တဲ့ နိုင်ငံရေးပါပဲ၊ ကိုယ်ကနေပြီးတော့ အာဏာကိုင်ထားလို့ ကိုယ့်ကိုကိုယ် အမျိုးသားနိုင်ငံရေးလုပ်ပါတယ်လို့ သက်မှတ်လို့မရပါဘူး၊ ပြည်သူမပေးတဲ့ အဏာကို ကိုင်ထားတာဟာ ဘာမှအမျိုးသားနိုင်ငံရေးနဲ့ မဆိုင်ပါဘူးလို့ ကျမပြောချင်ပါတယ်"

အခမ်းအနားလာရောက်တဲ့ တာချီလိတ်ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အုန်းလှ က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အတွက် မျော်လင့်ချက်ပါပဲလို့ RFA ကို ပြောဆိုခဲ့ပါတယ်။

"အခုဒီလက်ရှိအစိုးရမှာ သူတို့ဆင်းရဲသားပြည်သူလူထုကို ကြည့်ခဲ့တာ အစ်ကိုမြင်ဖူးလား၊ တွေ့ဖူးလား၊ ခရိုနီအုပ်စုတွေပဲ သူတို့ ပိုင်ရာဆိုင်ရာတွေပဲ သူတို့ကောင်းစားသွားတာ၊ ဒါအမှန်အတိုင်းပြောတာ ကျမတို့ရင်ထဲမှာလည်း ခံစားချက်အများကြီးရှိတယ်၊ လုပ်ပိုင်ခွင့်ရှိလို့ သူတို့လုပ်နေကြတယ်၊ ကျမတို့ လုပ်ပိုင်ခွင့်မရှိဘူး၊ ကျမတို့မြို့ခံတွေက အမေစုကို မျှော်လင့်နေတယ်ဆိုတာက ကျမတို့မှာ အားကိုးမရှိ ဘူးဖြစ်နေတယ်၊ အမေစုတက်လာရင် တစ်မျိုးတစ်ဖုံပြောင်းလဲလာလိမ့်မယ်၊ ဆင်းရဲသားပြည်သူလူထု ကို ပြန်ပြီးတော့ကြည့်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပြီးတော့ အားလည်းကိုးတယ် လေးလည်းလေး စားတယ်၊ ဒါကြောင့်မို့လို့လည်း သောင်းသောင်းဖြဖြ ကြိုဆိုကြတာပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဟောပြောပွဲကို တာချီလိတ်မြို့ခံတွေ အပါအဝင် မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း စတဲ့ဒေသတွေက ရဟန်းနဲ့ပြည်သူ သုးံထောင်ခန့် တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၇ နာရီမှာ တာချီလိတ်ကနေ မိုင် ၁ဝဝ ဝေးတဲ့ ကျိုင်းတုံကို ကားနဲ့သွားမှာဖြစ်ပြီး၊ လမ်းတဝက်မှာရှိတဲ့ မိုင်းဖြတ်မှာ ခေတ္တရပ်နား ဟောပြောမှာဖြစ်ပါတယ်။  ကျိုင်းတုံမှာ စည်းရုံးဟောပြောပြီးနောက် ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အခြေစိုက် နောင်ရှောင်ပညာရေးကွန်ရက်က လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မြို့နယ် ၆ ခုက မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်ပါတီကို မဲပေးမလဲဆိုတာ စစ်တမ်းကောက်ယူခဲ့ပါတယ်။

ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမယ့်ရာခိုင်နှုန်းက အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

နောင်ရှောင်ပညာရေးကွန်ရက်အဖွဲ့က ကိုဒန်ဆိုင်းလောင်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။