နိုင်ငံရေးယဉ်ကျေးမှုသစ် အုတ်မြစ် ချခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2016.09.21

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ည သန်းခေါင်ယံက မိန့်ခွန်းပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်္ဘာလ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေက NLD ကို တခဲနက်မဲပေးရွေးချယ်ခဲ့ကြတာ ဟာ နိုင်ငံရေးပါတီတခုကို ထောက်ခံကြောင်းပြသရုံမျှမကဘဲ သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်အိပ်မက်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် သူတို့မှာ ရပိုင်ခွင့်နဲ့ စွမ်းပကားတွေရှိတယ်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု တရပ်ကို အုတ်မြစ်ချခဲ့ကြတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆက်လက်ပြီး မိမိတို့နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အတွက် ပထမဆုံးခြေလှမ်းအဖြစ် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မကြာမီက ကျင်းပခဲ့ကြောင်း၊ အဲဒီညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ စသဖြင့် ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့ပေါင်းစုံပါဝင်တက်ရောက်ခဲ့ကြောင်ပြောကြား ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့တော့ နိုင်ငံတကာရဲ့ ဝေဖန်သုံးသပ်မှုကို မိမိတို့ စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်ရေး ဗဟိုကော်မတီကို တည်ထောင် ခဲ့ကြောင်း၊ ဒါ့အပြင် ပိုမိုထိရောက်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဥက္ကဌ အဖြစ်ဆောင်ရွက်တဲ့ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဲဒီ ကော်မရှင်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတချို့ရှိကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ သဟဇာတရှိရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတွေအတွက် မိမိတို့ လမ်းဆက်လျှောက်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။