လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်း ဒေါ်အောင်ဆန်း စုကြည် လက်မခံ


2015.08.18
dassk-press-620.JPG သြဂုတ်လ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲကျင်းပစဉ်
Photo: RFA

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေက မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ တစ်ရာခိုင်နှုန်းနဲ့ တာဝန်ကနေ ဖယ်ရှားခွင့်ပေးထားတဲ့ ဥပဒေကြမ်းကို လက်မခံနိုင်ကြောင်းနဲ့ အဓိပ္ပာယ်မရှိတဲ့ ဥပဒေကြမ်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် အန်အယ်လ်ဒီပါတီရဲ့ သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာဖြစ်ပါတယ်။

"ဒီ Right to Recall နဲ့ ပတ်သက်လို့ အန်တီတို့က လက်မခံခဲ့ဘူး၊ ဒီဟာပြောင်းကိုပြောင်းရမယ်၊ အဓိပ္ပာယ် မရှိဘူး၊ ဒီလို Right to Recall ကို တစ်ရာခိုင်နှုန်းက လက်မှတ်ထိုးပြီဆိုရင် လုပ်ရမယ့်ကိစ္စတွေက အများကြီး၊ လွှတ်တော်အတွင်းမှာ ဒါမျိုးတွေဖြစ်နေမယ်ဆိုရင် တခြားအလုပ်တောင်လုပ်ဖို့ အချိန်ရှိတော့မှာမဟုတ်ဘူး"

လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရတဲ့ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တချို့လည်းပါတယ် လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီမှာ သူရဦးရွှေမန်းကို ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားပြီးနောက် လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းလာတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းရာမှာ ပါတီတွင်းကိစ္စနဲ့ လွှတ်တော်တွင်းကိစ္စကို ခွဲခြားမြင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကို အခုကျင်း ပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ အတည်ပြုပြဌာန်းပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က စာပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့တေ့ွဆုံမှုမှာ လွှတ်တော်ကိစ္စ၊ ပါတီကိစ္စနဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးတာဖြစ်ကြောင်းနဲ့ အသေးစိတ်ကို ကြေညာမှာမဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာရှင်းလင်းပွဲ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အဲဒီဥပဒေကြမ်းရဲ့ ရိုက်ခတ်မှုနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။