အာဆီယံ အထူးကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရဖွယ် မရှိ

အာဆီယံ အထူးကိုယ်စားလှယ်၊ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရနိုင်ဖွယ် မရှိကြောင်း AFP သတင်းဌာနက ရေးသားလိုက်ပါတယ်။
Erywan Yusof ကို မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် ဩဂုတ်လက ရွေးချယ်ခဲ့တာပါ။ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ တွေ့ဆုံသင့်သူ အားလုံးနဲ့ အပြည့်အ၀ တွေ့ခွင့်ရဖို့လည်း တောင်းဆို ထားပါတယ်။
ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားစွဲဆို ခံထားရပြီး၊ အမှုရင်ဆိုင်နေရသူတွေနဲ့ တွေ့ခွင့်ပြုဖို့ ခက်ခဲကြောင်း၊ တရားဝင်အဖွဲ့အစည်းတွေနဲ့သာ တွေ့ခွင့်ပြုနိုင်မှာ ဖြစ်ကြောင်း AFP ကို စက်တင်ဘာ ၃၀ ရက် ကြာသပတေးနေ့က ပြောပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဘယ်တော့ လာခွင့်ပြုမှာလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း အသေးစိတ် မသိရသေးပါဘူး။
အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ ရွေးကောက်ပွဲ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ကန့်သတ်ချက်တွေ ချိုးဖောက်မှု၊ တရားမဝင် စကားပြောစက်တွေ တင်သွင်းမှုစတဲ့ စွဲချက်တွေနဲ့ တရားရင်ဆိုင် နေရတာဖြစ်ပြီး၊ ပြစ်မှုကျူးလွန်ကြောင်း စီရင်ချက်ချမယ်ဆိုရင် နှစ်အတော်ကြာ အကျဉ်းချခံရမှာ ဖြစ်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။