ရွေးကောက်ပွဲကို ကူညီစောင့်ကြည့် ကြဖို့ နိုင်ငံတကာကို ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း
2015.09.08

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာလ ၈ ရက် မနေ့က စတင်ခဲ့ရာမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တကယ့်အပြောင်းအလဲကို ဖန်တီးနိုင် မယ့် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူအားလုံးပါဝင်မဲပေးကြဖို့၊ နိုင်ငံတကာအသိုင်းအဝန်းကလည်း မြန်မာ့ရွေးကောက်ပွဲကို အသေအချာစောင့်ကြည့်ကူညီကြဖို့ facebook အင်တာနက် လူမှုကွန်ရက်က တဆင့် တိုက်တွန်းပြောကြားခဲ့ ပါတယ်။
"မဲပေးတဲ့အခါကျရင်လည်း ကျမတို့နိုင်ငံရဲ့ အနာဂါတ်၊ ကျမတို့မျိုးဆက်သစ်တွေရဲ့ အနာဂါတ်ကို စဉ်းစားပြီးတော့ မဲပေးကြပါ၊ ရှေ့ကိုမျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့အခါမှာ ပြောင်းလဲဖို့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမအနေနဲ့ တိုက်တွန်းနှိုးဆောင်ချင်ပါတယ်"
ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်သန့်ရှင်းမျှတဖို့ အရေးကြီးသလို၊ ရွေးကောက်ပွဲအပြီး အသွင်ကူးပြောင်းရေးကာလကလည်း ပိုမိုအရေးကြီးပါတယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းကိုလည်း ဒီရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် နှစ်ပေါင်းများစွာအတွင်း တကယ့်စစ်မှန်တဲ့အပြောင်းအလဲကို ဖန်တီးနိုင်မယ့် အခွင့်အလမ်း၊ လုံးဝလက်လွတ်မခံနိုင်တဲ့ အခွင့်အလမ်းဖြစ်ပါ တယ်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ရွေးကောက်ပွဲရလဒ်ကိုလည်း ပါဝင်ပတ်သက်သူအားလုံး လက်ခံနိုင် ကြဖို့အရေးဟာ ပြည်သူတွေအတွက် အလွန်အင်မတန်အရေးကြီးတယ်ဆိုတာ နိုင်ငံတကာအနေနဲ့ နားလည် သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ရွေးကောက်ပွဲ လွပ်လပ်မျှတရုံနဲ့ မပြီးသေးပဲ၊ ငြိမ်းချမ်းချောမွေ့တဲ့ အပြောင်းအလဲဖြစ်ပေါ်ဖို့ကလည်း အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြောင်းအလဲကနေ နောက်ပြန်မဆုတ်နိုင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင်သွားရမှာပါ၊ ဒီအတွက် ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲ ကာလအတွင်း၊ ရွေးကောက်ပွဲနောက်ပိုင်းအထိ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ကူညီပေးကြပါလို့ ဒေါ်အောင်ဆန်း စုကြည်က ပန်ကြားခဲ့ပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာလ ၈ ရက် မနေ့က စတင်ခဲ့ရာမှာ မန္တလေးမြို့ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ ကျော်ရင်မြင့်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။