ပါတီရှိသူတွေကိုသာ မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2015.09.12

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေကို မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကယားပြည်နယ် ရှားတောမြို့က ကေ့ထျိုးဘိုးကွင်းပြင်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြော ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေဆိုတာ အစိုးရမဖွဲ့နိုင်ကြောင်းနဲ့ ပါတီတွေကသာ အစိုးရဖွဲ့နိုင်တဲ့အတွက် ပါတီတွေကိုသာ မဲပေးကြဖို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"တကယ်ဆိုလို့ရှိရင် ကျမမေးလိုက်မယ် ပရိသတ်ထဲမှာ ဗမာစကားတက်တဲ့သူကများလား၊ ဒီလိုဆိုလို့ရှိရင် ကျမ ဗမာလိုပဲပြောတာ နည်းနည်းအဆင်ပြေမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်နေလို့ရှိရင် အချိန် လည်းပိုယူမယ်၊ မဲထည့်တဲ့အခါကျရင် ကိုယ်စားလှယ်တစ်ယောက်ကို မဲထည့်တာထက် ပါတီတစ်ခုကိုမဲထည့် တာပဲ ဖြစ်ပါတယ်၊ အခုဆိုလို့ရှိရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရွေးကြပါတယ်၊ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့မရပါဘူး၊ တစ်သီးပုဂ္ဂလတွေဆိုတာဟာ အစိုးရဖွဲ့လို့မရတာကြောင့်မို့လို့ တစ်သီးပုဂ္ဂလတွေအတွက် မဲပေးမယ့်အစား အစိုးရဖွဲ့မယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်၊ ဒါမှကိုယ့်ရဲ့မဲတွေဟာ တန်ဖိုးရှိမှာပါ"
လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ အမျိုးသားလွတ်တော်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရှားတောမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းဟာ ဘောလခဲမြို့နယ်မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရှားတောမြို့နယ် မဲဆန္ဒဟာ မဲပေးနိုင်တဲ့လူ ဦးရေ လေးထောင်နီးပါးသာ ရှိပါတယ်။ ကယားပြည်နယ်က မဲဆန္ဒနယ်မြေတွေဟာ လူဦးရေနည်းတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေ များနေတာ ဖြစ်ကြောင်းလည်း မနေ့က ဖါးဆောင်းမြို့က ဟောပြောပွဲမှာ ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ဘောလခဲ မြို့နယ်မှာဆိုရင် ရပ်ကွက် ၂ ခု နဲ့ ကျေးရွာအုပ်စု ၅ ခု သာ ပါဝင်ပါတယ်။
ကယားပြည်နယ်မှာ မြို့နယ် ၇ ခုရှိပြီး လူဦးရေ ၂ သိန်း ၇ သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ ၁ သိန်းခွဲကျော် ရှိတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်ခရီးစဉ်ကို စက်တင်ဘာလ ၁ဝ ရက်နေ့က စတင်ပြီး ၁၂ ရက် နေ့ထိ ၃ ရက်ကြာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ရှားတောမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့ကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။