ပိတ်ဆို့မှုတွေ ရုပ်သိမ်းချိန်တန်ပြီလို့ ထပ်မံပြောကြား


2016.09.16
dassk-us-businessman-620.jpg အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမေရိကန် အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များ အသင်း US-ASEAN Business Council က Four Seasons Hotel မှာ တည်ခင်းတဲ့ ညစာစားပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo:Khin Maung Soe Min/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူတချို့က အချိန်မတန်သေးဘူးလို့ ပြောကြပေမယ့် အခုအချိန်ဟာ ပိတ်ဆို့ မှုတွေကို ရုပ်သိမ်းချိန်တန်ပြီလို့ ထပ်မံပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမေရိကန် အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များ အသင်း US-ASEAN Business Council က Four Seasons Hotel မှာ တည်ခင်းတဲ့ ညစာစားပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းတော့မှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုအချိန်ဟာ ပိတ်ဆို့မှုတွေရုပ်သိမ်းချိန်တန်ပြီဖြစ်ကြောင်း ပြော ခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အမေရိကန်အခြေစိုက် သတင်းမီဒီယာတွေက ပိတ်ဆို့မှုတွေ ဆက်လက် ထားရှိသင့်သေးကြောင်း ရေးသားပြောဆိုကြတာ ဖြစ်ပါတယ်။

မနေ့က ညစာစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ အခွင့်အရေးကို လုံးဝမလေးစားသလို ဒီမိုကရေစီစနစ်ကိုလည်း လုံးဝစိတ်မဝင်စားတဲ့ မြန်မာ စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ရေးအတွက်၊ မြန်မာပြည်သူတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ဘဝကို ရောက်စေချင်တဲ့ အမေရိကန်လွှတ်တော်ထဲက  မိတ်ဆွေကောင်းတွေက ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြကြောင်းကိုလည်း အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ မြန်မာနိုင်ငံဟာ မိုင်ပေါင်းများစွာဝေးပေမယ့် တစ်ဦးကိုတစ်ဦး ကောင်းစားစေချင်တဲ့ စိတ်ဆန္ဒတွေအရ အလွန်နီးစပ်တဲ့ မိတ်ဆွေတွေဖြစ်ကြတယ်လို့  ယုံကြည်ယူဆကြောင်းလည်း ပြောပါတယ်။

ဒီမိုကရေစီဆိုတာ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေ ရရှိဖို့အပြင် ဘဝတွေ အဓိပ္ပါယ်ရှိဖို့နဲ့ လူမှုဘဝတွေ ပြည့်စုံသာယာ ဖို့အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်ကြောင်း၊ အဲ့ဒီလိုဖြစ်ဖို့အတွက် စီးပွားရေးဟာ အဓိကကျသလို နိုင်ငံရေး ဆိုတာ စီးပွားရေးနဲ့ ကင်းကွာလို့မရကြောင်း၊ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ဖို့အတွက် ဖြေရှင်း ရမယ့် နိုင်ငံရေးပြဿနာတွေက မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးရှိနေကြောင်း၊ ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီနိုင်ငံအစစ်ကို တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။