ခေါင်းဆောင် ၃ ဦးနဲ့ တွေ့ဆုံ ဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်း ဆို
2015.11.11

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။ နိုင်ငံ့ခေါင်းဆောင် ၃ ဦးနဲ့ လာမယ့် သီတင်းပတ် အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း တစ်ဦးချင်းစီကို သီးသန့်မေတ္တာရပ်ခံစာတွေ ပေးပို့တောင်းဆိုလိုက်တာပါ။
နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံစာကို လက်ခံရရှိကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အစိုးရနဲ့ တပ်မတော်က လက်ခံသွားမယ်ဆိုတာ ထပ်မံပြောလိုကြောင်း နဲ့ တွေ့ဆုံရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အကြောင်းပြန်ကြားထားကြောင်း ပြောပါတယ်။
"အဲ့ဒါနဲ့ ပတ်သက်လို့ သမ္မတကြီးက သူရဲ့နိုဝင်ဘာလ ၆ ရက်နေ့ မိန့်ခွန်းမှာထဲက ရွေးကောက်ပွဲအလွန်ကာလမှာ ကြားကာလတည်ငြိမ်အေးချမ်းရေး အတွက် နိုင်ငံရေး အင်အားစုတွေနဲ့ ဆွေးနွေးပါမယ်လို့ ပြောထားခဲ့ပြီးဖြစ် ပါတယ်၊ လောလောဆယ် ဒီနေ့မှာအကြောင်းပြန်ကြားထားတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ပြီးပြီဆိုတာနဲ့ ကျနော်တို့ တွေ့ဆုံနိုင်ရေး အတွက်ညှိနှိုင်းဆောင်ရွက် ပါမယ်လို့ အကြောင်းပြန်ထားပါတယ်"
"နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ တဆင့်ဖော်ထုတ်ခဲ့သည့် လူထုဆန္ဒကို တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုတာဖြစ်တယ် လို့" ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးတောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကိုလက်ခံရရှိကြောင်းနဲ့ လာမယ့်အပတ်အတွင်း တွေ့ဆုံဆွေးနွေး လိုကြောင်း သူ့ရဲ့ အင်တာနက်ဖေ့စ်ဘွတ်စာမျက်မှာ ပြောထားပါတယ်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ တွေ့ဆုံခွင့်တောင်းခံစာကို လက်ခံရ ရှိကြောင်း၊ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်နေရာ အများစုရရှိနေမှုအပေါ် ဂုဏ်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံနိုင်ရေးကို ရွေးကောက် ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်နဲ့ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြ ထားတာကိုလည်း နားဆင်နိုင်ပါတယ်။