အပစ်ရပ်စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင် ဆန်းစုကြည် သတိပေး


2015.08.26
dassk-media-press-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းနေစဉ်
Photo: RFA

အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌရဲ့ စစ်ရေး၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူး စောထူးထူးလေး ခေါင်းဆောင် တဲ့အဖွဲ့နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာလို့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကို အလောသုံးဆယ် လုပ်သင့်၊ မလုပ်သင့် စဉ်းစားကြဖို့ပြောတာပါ"

ဒီအတောအတွင်း နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ က ခေါင်းဆောင်တွေ တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေး မယ့် နေ့ရက်အတိအကျကို သဘောတူညီမူ မရသေးဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။

အစိုးရဘက်က ဒီလ ၂၈ ရက်နေ့မှာ တွေ့ဆုံဖို့ အကြောင်းကြားထားပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေက လာမယ့်စက်တင်ဘာလအတွင်း တွေ့ဆုံဖို့ ပြောတာကြောင့် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"၂၈ ရက်ကို ထပ်ဖိတ်တဲ့အခါမှာတော့ ခေါင်းဆောင်တွေကထပ်ရွှေ့ပေးပါလို့ ပြောတဲ့အခါကျတော့ ဝန်ကြီး အနေနဲ့ကတော့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်၊ တွေ့ဆုံဖို့က အစိုးရဘက်က ပြင်ဆင်နေပေမယ့် တိုင်းရင်း သားတွေဘက်က မလာနိုင်သေးတဲ့ ရက်ဖြစ်နေတော့ အခုချိန်ထိ ညှိနှိုင်းနေဆဲပါပဲ၊ တွေ့ဖို့တော့ ဝန်ကြီးဘက်က သဘောတူပြီးတော့ ပြင်ဆင်နေတာဖြစ်ပါတယ်"

ဒီတစ်ကြိမ် နေပြည်တော်မှာ တွေ့ဆုံမယ့်ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘယ်နှစ်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားခေါင်းတွေ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့တောင်း ဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို စက်တင်ဘာလဆန်းပိုင်းမှာ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို သြဂုတ်လ ၁၁ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြား စာ ပေးပို့ခဲ့ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံး ၊ KNU/KNLA-PC ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ ၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ DKBA ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်နဲ့ ABSDF ကျောင်းသားတပ်မတော်တို့ကတော့ အစိုးရဘက်က တောင်းဆိုထားတဲ့ အတိုင်း လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူကြောင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။