ဝန်ကြီးနေရာ စိတ်ကူးမယဉ်ဖို့ NLD ကိုယ်စားလှယ်တွေ ကို ဒေါ်အောင်ဆန်းစုကြည် ပြော
2015.11.16

NLD ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ ဝန်ကြီးနေရာတွေအတွက် စိတ်ကူးယဉ်မနေကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ခေါ်ယူပြောကြားခဲ့တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခေါ်ပြောတာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
"ဝန်ကြီး၊ ဒုဝန်ကြီး စိတ်ကူးမယဉ်ကြနဲ့တဲ့ ဒါပဲပြောတာ၊ ရွေးကောက်ပွဲရလဒ်က အရင်ကမတိုင်ခင်တုန်း က ပြောဖူးပါတယ်၊ ကျနော်တို့က သီးသန့်သုတေသနအဖွဲ့တွေကို နယ်တွေလွှတ်ထားတာ၊ ကျနော်တို့ နိုင်မယ် ဆိုတာသိတယ်၊ ဒါပေမဲ့ သိပ်ကြွားရာရောက်မှာစိုးလို့ ၇ဝ ရာခိုင်နှုန်းကျော်လောက် နိုင်မယ်လို့ပြောခဲ့တာ ၊ လျော့လျော့ပေါ့ပေါ့ပြောခဲ့တာ၊ တကယ်တမ်း ၈ဝ ရာခိုင်နှုန်းနိုင်တော့ စိတ်ထဲက ကြိတ်မှတ်ထားတာနဲ့ တူနေတာပေါ့"
ဒါ့ပြင် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စား လှယ်တွေ တွေ့ဆုံဆွေးနွေးကြဖို့အတွက်၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပါတီအလုပ်အမှုဆောင်တွေဆီ ဒီကနေ့ ဖိတ်ကြားလိုက်ပါတယ်။
လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အောက်မြန်မာပြည်က NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီမှာ တွေ့ဆုံမှာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။
"၂၈ ရက်နေ့မှာ မနက်ပိုင်း တစ်သုတ် နေ့ခင်းပိုင်း တစ်သုတ်ကို အောက်ဗမာပြည်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်မှာပေါ့၊ သူက တချို့လူတွေကိုတော့သိတယ်၊ တချို့လူတွေကို မသိသေးဘူး၊ ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ လုပ်တဲ့အခါကျတော့ ဘယ်လိုဟာမျိုး ပြောင်းချိန်တန်တဲ့ဟာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ခေါင်းထဲကို ရိုက်သွင်းမှာ၊ ရွေးကောက်ပွဲနိုင်လို့ ကိုယ့်လူတွေနဲ့ ကိုယ်တွေ့မှာဆိုတော့ ဘာမှပူစရာမရှိပါဘူး"
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့က လွှတ်တော်ကိုယ်စားလှယ်တွေကို မနက်ပိုင်း မှာ တွေ့ဆုံမှာဖြစ်ပြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေကို ညနေပိုင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒါ့အပြင် အထက်မြန်မာပြည်က လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း မကြာခင်ရက်ပိုင်း အတွင်း နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
အန်အယ်လ်ဒီပါတီဟာ နိုဝင်ဘာလ ၈ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂၅၅ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး အနိုင်ရရှိထားတဲ့အတွက် လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၃၉၀ နေရာရရှိထားတာကြောင့် အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ နောက်ဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွေကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြန်လည်အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေအားလုံး တက်ရောက်ကြပါတယ်။
ပြန်လည်ရွေးချယ်မခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရွေးကောက်ပွဲရလဒ်အပေါ် သဘောထားတွေနဲ့ လွှတ်တော်အသစ်အပေါ် မျှော်လင့်ချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က စုစည်းတင်ပြ ထားပါတယ်။
ဒီနေ့ဟာ လက်ရှိအစိုးရသက်တမ်းအတွင်း နောက်ဆုံးအကြိမ်အဖြစ် လွှတ်တော်အသီးသီးရဲ့ အစည်း အဝေးတွေ ပြန်လည်ကျင်းပတဲ့နေ့ဖြစ်ပါတယ်။ ဒီသက်တမ်းမှာကျန်နေတဲ့ ဥပဒေရေးရာနဲ့ ဆောင်ရွက်စရာတွေကို အပြီးသတ်ဆွေးနွေးဆုံးဖြတ်ကြရမှာပါ။
လက်ရှိလွှတ်တော်အပေါ် တိုင်းရင်းသား နိုင်ငံရေးပါတီတစ်ချို့ရဲ့ ခေါင်းဆောင်တွေကို မေးမြန်းပြီး RFA သတင်းထောက် မရွှေရည်မဉ္ဇူ က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်ပေါက်လာမယ့် NLD အစိုးရအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို ဦးခင်မောင်စိုး က တေ့ွဆုံမေးမြန်းထားပါတယ်။
တေ့ွဆုံမေးမြန်းချက် အပိုင်း (၁) ကို နားဆင်နိုင်ပါပြီ။
ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရဟာ ပါတီစည်းကမ်းနဲ့ မကိုက်ညီဘဲ၊ ပါတီဥက္ကဌနေရာ အပြောင်းအလဲ လုပ်လိုက်တာကြောင့်ရော၊ ပါတီထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးကြား တာဝန်ခွဲဝေမှုနဲ့ ညီညွတ်မှုမရှိတာကြောင့်ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်လိုက်ပါတယ်၊
သူရဦးအောင်ကို ကို RFA အဖွဲ့သူ မသင်းသီရိ က နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်၊