စစ်ရေးအရ အမြတ်ထုတ်တာတွေ ရပ်တန်းကရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


2020.10.16
dassk-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့ကတွေ့ရစဉ်
Photo: Myanmar State Counsellor Office

ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိနေမှုအပေါ်  အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ် ထုတ်တာတွေ၊ ရန်လိုမှုပြသနေတာတွေကို ရပ်တန်းက ရပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။

မနေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ၅ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။

ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးနေရပါတယ်။ ပစ်ခတ်မှုတွေကြောင့် ရသေ့တောင်မြို့နယ် အတွင်းက ကျေးရွာတချို့မှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းမှာလည်း တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတို့ကြား ဒီလဆန်းပိုင်းက စတင်ပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် နေရပ်စွန့်ခွါရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ ၃၅၀၀ ကျော်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အားနည်းချက်ဟာ လွတ်လပ်ရေးရပြီးကတည်းက တစ်မျိုးသားလုံးညီညွတ်တဲ့ အမျိုးသား ညီညွတ်ရေးနဲ့ တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိသေးတာလို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အချိန်ဆွဲတာဟာ ငြိမ်းချမ်းရေးကို ငြင်းပယ်သလိုမျိုးဖြစ်ကြောင်းနဲ့ တာဝန်ရှိ ခေါင်းဆောင်တွေဟာ ကိုယ်တာဝန်ရှိတဲ့ လုပ်ငန်းနဲ့ တာဝန်ရှိတဲ့နေရာမှာ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မဆောင်ရွက်ဘဲ အချိန်ဆွဲနေမယ်၊ ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေမယ်ဆိုရင် ကိုယ်တာဝန်ယူထားတဲ့ ကဏ္ဍအတွက် တာဝန်မကျေရာရောက်မယ်လို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။