နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံကြိုဆိုပွဲ မန္တလေးမှာကျင်းပ
2017.10.07

ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေ အပေါ် ထောက်ခံပွဲကို ဒီနေ့ညနေပိုင်းက မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းမှာ ပြုလုပ်ခဲ့ပြီး လူဦးရေသောင်းနဲ့ ချီပြီး တက်ရောက်ခဲ့ကြပါတယ်။
မန္တလေးမြို့သူမြို့သားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို ယုံကြည်ပြီး သူနဲ့အတူ ရပ်တည်နေတယ်ဆိုတာကို ပြသတဲ့ပွဲဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် လက်ရှိလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအားလုံးပေါ်မှာ ပြည်သူလူထုက လည်း ယုံယုံကြည်ကြည်ရှိတယ်၊ နောက်နိုင်ငံတကာရဲ့ ပေးနေတဲ့ ဖိအားတွေပေါ်မှာလည်း ပြည်သူ လူထုက ဒေါ်စုဘက်ကနေ တစ်သားတည်းရပ်နေတယ်၊ ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တသား တည်း ရှိနေတယ်ဆိုတဲ့ဟာ အဓိကကျပါတယ်၊ အဲဒီပေါ်မှာ မန္တလေးသူ မန္တလေးသားတွေက ပြည်သူ ဆိုတာလည်း အကုန်လုံး ဒီမှာတိုင်းရင်သားတွေပါတယ်၊ စာပေအနုပညာရှင်တွေပါတယ်၊ လူမှုကူညီရေး အသင်းတွေ၊ ကျောင်းသား လူငယ်တွေ အကုန်လုံးကဝိုင်းပြီးတော့ ဒေါ်စုနောက်က အားတစ်ခုအနေနဲ့ ရပ်တဲ့ပွဲပေါ့"
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဒီနေ့ ညနေ ၄ နာရီမှာ စတင်ခဲ့တာဖြစ်ပြီး ကဗျာဆရာ ထွဏ်းသွေးအိမ် ၊ ဇော်ခိုင်ဦး၊ ဦးချစ်စရာတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းအရာတွေ ကို ဟောပြောခဲ့ကြပြီး တက်ရောက်လာသူတွေကို စိန်ဒူးဝါး ဆိုင်းဝိုင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
ထောက်ခံပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ တက်ရောက် ခဲ့ကြပြီး၊ မန္တလေးမြို့က ဒေသခံတွေအပြင်၊ ကျောက်ဆည်၊ ပြင်ဦးလွင် စတဲ့ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ မြို့တွေ ကလည်း ဒေသခံတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ထောက်ခံပွဲကို မကွေးမြို့မှာလည်း ဒီနေ့ တပြိုင်တည်း ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကြီး မှာ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးမှာ အခုလာမယ့် ၁၀ ရက်နေ့ကစပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို အောက်တိုဘာလတစ်လလုံး ကျင်းပသွားမယ်လို့လည်း သိရပါတယ်။