မလေးရှား က မြန်မာတွေ ဒေါ်အောင်ဆန်း စုကြည် ကို စောင့်စားနေ
2016.07.06

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အချိန်ကာလကို ပြောလို့မရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။
အာဆီယံနိုင်ငံတွေ စာရင်းကို တင်ပြထားဆဲဖြစ်ပြီး ဘယ်တော့သွားမလဲဆိုတာ ဆုံးဖြတ်ချက် မပေးသေးဘူးလို့ ဦးကျော်ဇေယျ က ပြောပါတယ်။
"ကျနော်တို့ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဆိုတော့ သွားတဲ့အထဲမှာတော့ ပါပါတယ်၊ ကျနော်တို့ တင်ပြထားတဲ့ အနေအထားပါ၊ လူကြီးတွေ ဆုံးဖြတ်မယ့် အနေအထားပါ၊ လောလောဆယ် ကျနော်တို့ အနေအထားနဲ့ အတည်ပြုပေးဖို့ မရသေးပါဘူး"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မလေးရှားနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ဒါမှမဟုတ် သြဂုတ်လအတွင်းမှာ သွားရောက်ဖို့ရှိကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က ထိုင်းနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှာ ရောက် ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့သလို ထိုင်းအစိုးရနဲ့လည်း မြန်မာအလုပ်သမား အရေး ဆွေးနွေးခဲ့ပါတယ်။
မလေးရှားရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့် သူတို့ဘဝတွေ တစ်စုံတရာ အတိုင်း အတာအထိ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ မျော်လင့်နေကြပါတယ်။ကွာလာလမ်ပူမြို့က ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးယဉ်မင်းအောင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။