အကျင့်ပျက်ချစားမှုကင်းတဲ့ အစိုးရဖြစ်ရစေမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2015.09.19

အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်သာ အစိုးရဖွဲ့နိုင်ခဲ့ရင် အကတိကင်းစင်တဲ့ အစိုးရဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ကတိပေးပြောကြားလိုက်ပါတယ်။
ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့က ကျောက်ဖြူကုန်းကွင်းပြင်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲအသိ ပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ကတိပေးပြောလိုက်တာဖြစ်ပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အကတိကင်းစင်စေရမယ်၊ ကျမတို့ အခုထဲက ကိုယ်စားလှယ်လောင်းတွေဟာ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တဲ့အခါမှာ မိမိတို့ ပိုင်ဆိုင်မှုတွေကို ကျမတို့ကိုအသိပေးရတယ်၊ နောက်လက်မှတ်ထိုးပြီးတော့ ဒီပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သံသယဖြစ်လာရင် မေးမြန်းတာ၊ စိစစ်တာကိုခံယူပါ့မယ်လို့ ဝန်ခံချက်ထိုးခိုင်းပါတယ်"
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတုန်းက ဒီမိုကရေစီအစိုးရရှိခဲ့ဖူးကြောင်း အဲ့ဒီအချိန်က အစိုးရအဖွဲ့ဝင်တွေ အကတိလိုက်စားတယ်ဆိုတာ မကြားဖူးကြောင်း လည်းထည့်သွင်းပြောကြားပါတယ်။
ပြည်သူတွေ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ရမှာဖြစ်ကြောင်းနဲ့ အဲ့ဒီလိုပါဝင်ဖို့ဆိုတာဟာ ပထမဆုံးအနေနဲ့ မိမိတို့ရဲ့အမည် မဲစာရင်းမှာပါဖို့အတွက် ကြိုးစားရမယ် လို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီပေါင်း ၉ဝ ကျော်ရှိပြီး အင်မတန်များလွန်းတဲ့ အတွက် စဉ်းစားပြီးမဲပေးကြဖို့ကိုလည်း ပြောကြား ခဲ့သလို အန်အယ်လ်ဒီကို မဲပေးဖို့ကိုလည်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။
ဒီကနေ့ ရမည်းသင်းမြို့က ဟောပြောပွဲကို ဒေသခံပရိသတ် ၃ဝဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ရမည်းသင်းမြို့က ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။