ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဟောပြောပွဲ သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ကျင်းပမည်


2015.10.29
dassk-kawmu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

လာမယ့် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကို သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ပြောင်းရွှေ့ ကျင်းပမယ်လို့ သိရပါတယ်။

အရင်က ခွင့်ပြုချက်တောင်းထားတဲ့ ပြည်သူ့ဥယျာဉ်ကို တိုင်းအစိုးရက ခွင့်မပြုဘဲ မြို့ဦးစေတီမှာပဲ ကျင်းပဖို့ ခွင့်ပြုလိုက်တာလို့ ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးမြင့်ဌေးက ပြောပါတယ်။

"ပြည်သူ့ရင်ပြင်ကို မရဘူးတဲ့၊ ဘာဖြစ်လို့လဲမေးကြည့်တော့ ဒါကအများပြည်သူ အပန်းဖြေတဲ့ ပန်းဥယျာဉ်ဖြစ်တဲ့ အတွက် ဘယ်ပါတီ ဘယ်အဖွဲကအစည်းကိုမှ မပေးဘူးဆိုတဲ့ အချက်တစ်ချက်ပြောတယ်၊ နောက်တစ်ချက်က NLD ပါတီက ဒီလိုပွဲတွေလုပ်လို့ရှိရင် လူတစ်အားများတယ်ပေါ့နော်၊ နောက်တစ်ခုက လမ်းပိတ်မှာစိုးလို့ပေါ့နော်၊ သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ပေးတယ်"

အဲဒီဟောပြောပွဲဟာ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ကျင်းပတဲ့ ဟောပြောပွဲဖြစ်ပြီး အဲဒီဟောပြောပွဲမှာ ပါတီရဲ့ နာယက သူရဦးတင်ဦးလည်း တက်ရောက်ဟောပြော မှာ ဖြစ်ပါတယ်။

နာယက သူရဦးတင်ဦးဟာ လာမယ့်နိုဝင်ဘာလ ၂ရက်နေ့ကစပြီး ရခိုင်ပြည်နယ် စစ်တွေ၊ အမ်းနဲ့ ကျောက်ဖြူမြို့နယ် တို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောပွဲတွေ ဆက်တိုက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကနေ လာမယ့် နိုဝင်ဘာလ ၆ရက်နေ့ အထိ ခွင့်ပြုပေးထားပြီး အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းအားလုံးဟာ နိုဝင်ဘာလ ၅ရက်နေ့မှာ မဲဆွယ်စည်းရုံးမှုတွေကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။