အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်တွေ စာပေစကားဝိုင်း ကျင်းပမည်


2018.07.14
dassk-peace-talk-622.jpg မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: MRTV

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်တွေ စာပေစကားဝိုင်းကို လာမယ့် သြဂုတ်လအတွင်း မန္တလေးတက္ကသိုလ်မှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်တွေ စာပေစကားဝိုင်းကို အထက်ဗမာပြည်အနေနဲ့ မန္တလေးမှာလုပ်ဖို့ စီစဉ်နေတာလို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။

"မန္တလေးတက္ကသိုလ်မှာ သြဂုတ်လ ၁၁၊ ၁၂ ၊ ၁၃ ထင်တယ်၊ အဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရယ်၊ ယဉ်ကျေးမှု လည်း ပါတယ်ထင်တယ်၊ ကျနော်တို့ ပညာရေးရယ် ပေါင်းပြီးတော့ လူငယ်ဖိုရမ်လုပ်တာပေါ့လေ၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားဝိုင်းပါမယ်ဆိုပြီးတော့ ကျနော်တို့ အဲဒါကို ပြင်ဆင်နေတာတော့ရှိတယ်၊ ဘယ်လောက်အထိ သေချာမလဲတော့ မသိဘူးပေါ့ဗျာ၊ အဲပွဲက ရန်ကုန်မှာ လုပ်ပြီးသားပါ တစ်ခါလေ၊ အောက် ဗမာပြည်အနေနဲ့ ရန်ကုန်မှာ တစ်ခါလုပ်လိုက်တော့ အထက်ဗမာပြည်အနေနဲ့ မန္တလေးမှာ လုပ်မယ်ဆိုပြီးတော့ စီစဉ်တာပါ"

စာပေစကားဝိုင်းမှာ ပါဝင်မယ့် ကျောင်းသား/ကျောင်းသူ ရွေးချယ်ရာမှာ ကျောင်းသားထုကို ပွင့်လင်းမြင်သာစွာ ချမပြခဲ့ဘဲ ရွေးချယ်ခဲ့လို့ ကန့်ကွက်ကြောင်း ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများ သမဂ္ဂက မနေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မကာရိုလိုင်းနူးနူးက အခုလို ပြောပါတယ်။

"အဲဒီစာကို ကျောင်းတွေကို ၉ ရက်နေ့ ပို့တယ်လို့ သိရပါတယ်၊ ညီမတို့က အဲကိစ္စကို ၁၁ ရက်နေ့ည ၇ နာရီလောက်မှ ဒါတောင်မှ တစ်ခြားကျောင်းတွေက ပြောလို့သိရတာ၊ အဲဒီကိစ္စကို တစ်ခြားကျောင်းသား/ ကျောင်းသူတွေလည်း မသိပါဘူး၊ အဲဒီအတွက် ညီမ မော်ကွန်းထိန်းကို ဖုန်းဆက်ပါတယ်၊ အဲဒီလို စာထုတ်ထားတယ်ကြားတယ်၊ ၁၁ နေ့ညလည်း ဌာနမှာ စာရင်းပိတ်တယ်ကြားတယ်၊ ဆရာ အဲဒီကိစ္စအတွက် ထုတ်ပြန်ကြေညာထားလားဆိုတော့ ထုတ်ပြန်ကြေညာမှုတော့ မရှိပါဘူးတဲ့၊ ဒါပေမဲ့ ရွေးပြီးသွားပါပြီတဲ့၊ ၂ ယောက်ရွေးပြီးသွားပြီပေ့ါနော်၊ သူတို့သဘောနဲ့ သူတို့ မဲစနစ်နဲ့ ရွေးချယ်တာကို ညီမတို့ သဘောမကျတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ သာမက ဆရာ၊ ဆရာမတွေပါ မသိလိုက်ရတဲ့အတွက် ညီမတို့ ဒီသဘောထားကို ထုတ်ပြန်လိုက်တာပါ"

အဲဒီစကားဝိုင်းအတွက် မန္တလေးတိုင်းအတွင်း တက္ကသိုလ်တွေအားလုံးမှာ တက္ကသိုလ်တစ်ခုကနေ ၂ ယောက်နှုန်းစီ ရွေးချယ်ထားဖို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာသိန်းလွင်က ညွှန်ကြားထားပါတယ်။

ရွေးချယ်မှုဟာ ပွင့်လင်းမြင်သာမှု၊ မျှတမှုမရှိတဲ့အတွက် ရွေးထားတဲ့ ကျောင်းသား၊ ကျောင်းသူဟာ ကျောင်းသားထု တစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်းနဲ့ အဲဒီရွေးထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူကို ကန့်ကွက်တာ မဟုတ်ဘဲ ရွေးချယ်မှုစနစ်တစ်ခုတည်းကိုသာ ကန့်ကွက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အလားတူရွေးချယ်မှုမျိုး နောင်မှာလုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကျောင်းသားထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ရွေးချယ်မှုတွေကိုသာ ပြုလုပ်ပေးဖို့လည်း ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

မန္တလေးတိုင်းမှာ တက္ကသိုလ် ၂ဝ ကျော်ရှိတာကြောင့် ရွေးချယ်လာမယ့် ကျောင်းသား၊ ကျောင်းသူတွေထဲက အဆင့်ဆင့် ထပ်မံရွေးချယ်သွားမှာဖြစ်ပြီး စာပေစကားဝိုင်းမှာတော့ အနည်းဆုံး ၆ ယောက်ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။