အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးအတွင်းဝန် မစ္စတာဒေးဗစ်ဟေးဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွှတ်တော်အကြီးအကဲတွေအပြင် ဒေသခံတချို့နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့် အရေးအခြေအနေတွေကို လေ့လာခဲ့ပါတယ်။
သူဟာ အမေရိကန်သံအမတ်ကြီး စကော့မာဆီရယ်နဲ့အတူ ဒီကနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှာ မွတ်စလင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေ နေထိုင်ရတဲ့အခြေအနေ မေးမြန်းခဲ့တယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။
‘’ ၂၀၁၂ ကနေခုထိပေါ့၊ စားဝတ်နေရေးကိစ္စ ဒီအောင်မင်္ဂလာမှာ အလုပ်အကိုင်စီးပွားရေးမရှိဘူး၊ အရင်တုန်းက ဆိုင်တွေဘာတွေဖွင့်ရောင်းတယ်၊ အခု WFP တို့ဘာတို့အလှူပေးတာတို့မရှိဘူး၊ ၂၀၁၂ ခု နောက်ပိုင်းကာလမှာ ပြည်နယ်အစိုးရထောက်ပံ့တာရှိတယ်၊ ၂ နှစ် ၃ နှစ်ရှိပြီ အဲဒီလိုမရတာ၊ အဲဒါတွေ တင်ပြတယ်၊ ဒါကြောင့် WFP ကနေ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ကို ကျေးဇူးပြုလို့ အကူအညီပေးဖို့ ပြောပေးပါလို့ နေပြည်တော်မှာလည်း ကျွန်တော်တို့ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင်လည်း ပြောပေးပါလို့’’
အောင်မင်္ဂလာရပ်ကွက်ကို သွားပြီးနောက်မှာတော့ မစ္စတာဟေးဟာ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ တေ့ွဆုံခဲ့ပြီး လက်ရှိရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
‘’ဆွေးနွေးတာတော့ အချက် ၂ ချက်ပါပဲ၊ တစ်ခုက ဘင်္ဂါလီတွေကိစ္စ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်မှု အခြေအနေတွေက ဘယ်လိုရှိသလဲ၊ ဒီဖက်မှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ အခြေအနေက ဘယ်လိုဖြစ်နေသလဲ၊ ဥပဒေအရပဲဆောင်ရွက်ရမှာကို ဒီဥပဒေကိုကျော်ပြီးတော့မှ ဆောင်ရွက်လို့မှမရတာကို၊ AA နဲ့ တိုက်ပွဲတွေက ငြိမ်းချမ်းဖို့နည်းလမ်းများရှိသလား၊ အဲဒီလိုမေးတာပေါ့၊ ငြိမ်းချမ်းဖို့ နည်းလမ်းရှိတာပေါ့၊ အခုဟာက တစ်ဖက်နဲ့ တစ်ဖက် အပြတ်ဆော်ဖို့ဆိုတာမလွယ်ဘူး၊ ငြိမ်းချမ်းရေးအတွက် ဆွေးကိုဆွေးနွေးရမယ်၊ အဲဒီဆွေးနွေးခြင်းကပဲ အဖြေကိုထုတ်ပေးနိုင်မယ်လို့ ပြောလိုက်တယ်၊ သူတို့ကလည်းငြိမ်းချမ်းရေးဖြစ်စေချင်တယ် ဒီနိုင်ငံမှာ သူတို့လည်းအတတ်နိုင်ဆုံး အကူအညီပေးနေပါတယ်။’’
ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြောသွားတာပါ။
စစ်တွေမြို့အခြေစိုက်တဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ စစ်တွေမြို့က ရခိုင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် တွေ့ဆုံတာ မရှိဘူးလို့ သိရပါတယ်။
အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးအတွင်းဝန်တစ်ယောက်အနေနဲ့ ရခိုင်ပြည်နယ်ထဲ က ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ မျှမျှတတဖြစ်ဖို့ကောင်းတယ်လို့ ရခိုင်အမျိုးသားပါတီ ANP အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။
‘’ဒီရခိုင်ပြည်နယ်အရေးကို ခုလိုလာရောက်ပြီးတွေ့ဆုံတယ်၊ စုံစမ်းတယ်ဆိုတာ ကြိုဆိုပါတယ်၊ ဒါပေမဲ့ အောင်မင်္ဂလာရပ်ကွက်က ဘင်္ဂါလီတွေနဲ့တွေ့ဆုံသလို ကျွန်တော်တို့ ရခိုင်ဒုက္ခသည်စခန်းကို တတ်နိုင်ရင် မျှမျှတတပေါ့ အရေးစိုက်ပေးစေချင်တယ်၊ ရခိုင်စခန်းကို လာတွေ့သွားတယ်လို့တော့ ကျွန်တော်တို့ သတင်း မရသေးဘူး၊ ဘင်္ဂါလီတွေကိုတွေ့ပြီးတော့မှ ရခိုင်တွေကို မတွေ့ဘူးဆိုတာကိုတော့ ဒါလိုအပ်သွားပြီလို့ ပြောချင်ပါတယ်ခင်ဗျ’’
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလားဆိုတာကို အတည်ပြုဖို့ RFA က ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေဆီ ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း မနက်ဖြန် မေ ၃ ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်သလို လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
မစ္စတာဒေးဗစ်ဟေးလ်ဟာ ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရာမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပါဝင်ပူးပေါင်း ကူညီစေလိုကြောင်း ဧပြီ ၃၀ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့်ပေးဖို့လည်း ဒီခရီးစဉ်မတိုင်ခင်မှာ မြန်မာအစိုးရကို တိုက်တွန်းထားသူဖြစ်ပါတယ်။
ဒါ့အပြင် ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။