အနှစ်သာရက ပိုအဖိုးတန်တယ်လို့ စာရေးဆရာမကြီး ကြည်အေး ပြောကြား
2012.12.13
မွေးနေ့ ၈၃ ကြိမ်ဖြတ်သန်းခဲ့ရပြီမို့ သူ့အဖို့မွေးနေ့ဆိုတာ မထူးဆန်းလှပေမဲ့ ဒီနှစ် ဇူလိုင်လဆန်းမှာ သူနေထိုင်ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Queens မှာ ကားတိုက်ခံရပြီး ဒူးကျိုးသွားတဲ့အတွက် ဒီနှစ်မွေးနေ့ဟာ နာကျင်ခြင်းကို အရှူံးမပေးဘဲ ကျော်လွှားနိုင်အောင် ရုန်းကန်ကြိုးပမ်းရတဲ့နှစ်လို့ပြောပါတယ်။ နည်းသစ် နည်းဟောင်း အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သူ့ အမြင်ကိုလည်း ပြောပါတယ်။
"ပြောင်းတာတော့ ပြောင်းရမှာပေါ့ လူတွေက အမြဲတိုင်း တမျိုးတဖုံထဲမှာ နည်းလမ်းတစ်ခုတည်းမှာ စိုက်နေလို့မရဘူး၊ နည်းအသစ်တွေ ထွင်ရမှာ၊ ဒါပေမယ့် နည်းအသစ် ထွင်တိုင်းထွင်တိုင်းမှာ အနှစ်သာရရှိတာလည်းပေါ်လာတယ်၊ အနှစ်သာရမရှိပဲနဲ့ ပေါ်ပင်လုပ်တာတွေလည်း ရှိတယ်ဆိုတော့ လူတွေပြောသလိုပဲ ရာဇဝင်ကတော့ပြမှာပေ့ါလေ၊ ဘယ်ဟာကကောင်းသလဲ၊ ဘယ်ဟာကဆိုးသလဲ၊ ဘယ်ဟာကအသုံးမကျဘူးလဲ၊ ဘယ်ဟာကအသုံးကျလဲ ဆိုတာကတော့ ပေါ်လာမှာပေါ့၊ ဒါပေမယ့် အဲလိုနည်းသစ်ထွင်တိုင်းလဲ ကောင်းတာမဟုတ်ဘူး၊ နည်းဟောင်းတိုင်းလည်း ကောင်းတာမဟုတ်ဘူး၊ နည်းသစ်နည်းဟောင်းက အရေးကြီးတာမဟုတ်ဘူး၊ တကယ်အဖိုးတန်နဲ့ အနှစ်အရသာရှိတဲ့ အရည်အချင်းကိုပြနိုင်ရင်အဲဒါက အဖိုးတန်တယ်"
ဆရာမကြီးဟာ ဆေးရုံကနေ အိမ်ပြန်ရောက်နေပြီး လမ်းပြန်လျှောက်နိုင်ပေမဲ့ တခါတခါလမ်းလျှောက်ကိရိယာအကူနဲ့ လမ်းလျှောက်နေရပြီး ဘီးတပ်ကုလားထိုင်ကိုလည်း သုံးရပါတယ်။ ဒါပေမဲ့ အိပ်ယာထဲလဲမနေဘဲ မလျှော့တဲ့ ဇွဲနဲ့ အပြင်းအထန်နာကျင်ရက်နဲ့ လေ့ကျင့်ခန်းကြိုးစားလုပ်တဲ့အတွက် နာလန်ထမြန်တယ်လို့ ကိုယ်တိုင်လည်း ဆရာဝန်ဖြစ်တဲ့ ဒေါ်ကြည်အေးက ပြောပါတယ်။
ဆရာမကြီးဟာ ကဗျာတွေကို အင်္ဂလိပ်လိုရေးနေပြီး နေ့စဉ်မြင်တွေ့ခံစားရတာတွေကိုလည်း အင်္ဂလိပ်လို ဝတ္တုရေးသားနေပေမဲ့ ကားတိုက်ခံရတဲ့ ဒဏ်ရာကြောင့် လောလောဆယ် စာမရေးနိုင်သေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ မကြာခင်မှာ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားပြီး သူတက်ခဲ့တဲ့ဆေးရုံက အတွေ့အကြုံတွေကိုလည်း ရေးသားမယ်လို့ ပြောပါတယ်။ ဘာကိုမှ နောက်ခံထားရေးမှာ မဟုတ်ဘဲ လူတွေဟာ ဘယ်နေရာမှာနေနေ လူဟာလူပဲဖြစ်တာမို့ လူတွေအကြောင်းပဲ ရေးသားမယ်လို့လည်း ပြောပါတယ်။
ဒေါ်ကြည်အေးဟာ မြန်မာစာပေလောကသမိုင်းမှာ အရှိန်သြဇာကြီးမားသူတွေထဲက တဦးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန်မှာ ဆရာဝန်လုပ်ခဲ့ပြီး ခု နယူးယောက်မြို့မှာ သမီးတွေနဲ့ အတူနေထိုင်နေပါတယ်။
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ဆရာမကြီး ဒေါ်ကြည်အေး သူ့မွေးနေ့မှာပြောကြားတဲ့ စကားတချို့ကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြမှာပါ။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |